တော့တင်ဟမ် ဟော့စပါးတွင် ဆက်နေဖြစ်ခြင်းအတွက် မိမိတွင် မည်သည့် ပြဿနာမျှ မရှိကြောင်း အီမန်နျူရယ်လ် အဒီဘာယောက ပြောကြားခဲ့သည်။
စပါးအနေဖြင့် နွေရာသီ ဈေးကွက်အတွင်း ရောဘတ်တို ဆိုလ်ဒါဒို၊ အဲရစ်ခ် လာမီလာ အစရှိသည့် တိုက်စစ်သမားများကို ဝယ်ယူခဲ့သည့်နောက် တိုဂို လက်ရွေးစင်ကို အသင်းမှ ရောင်းထုတ်ရန် စီစဉ်ခဲ့သော်လည်း လက်တွေ့ မအောင်မြင်ခဲ့ချေ။ အဒီဘာယောသည် မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်၏ လက်အောက်တွင် အရန်ကစားသမား အဖြစ်သာ နေရာရဖွယ် ရှိနေသော်လည်း ကစားသမားကမူ အခြေအနေတိုင်းကို လက်ခံပြီး လန်ဒန်ကလပ်တွင် မိမိ ပျော်ရွှင်နေဆဲဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသွားသည်။


All Africa ဝက်ဘ်ဆိုက်နှင့် တွေ့ဆုံမှုတွင် အဒီဘာယောက "ကျွန်တော် အရင်ကတည်းက မန်နေဂျာနဲ့ စကားပြောဖူးပါတယ်။ ပြီးတော့ စပါးမှာ ဆက်နေဖို့ ကျွန်တော် ဆုံးဖြတ်ထားခဲ့တယ်။ လက်တွေ့လည်း ကျွန်တော် ဆက်နေဖြစ်ခဲ့တယ်"ဟု ဖွင့်ဟခဲ့သည်။ ၎င်းက "စပါးက ထွက်ခွာဖို့ ကျွန်တော် တစ်ခါမှ မစဉ်းစားဖူးပါဘူး။ လန်ဒန်မှာ ကျွန်တော့်မိသားစု အခြေကျနေသလို ကျွန်ေတာ် ကိုယ်တိုင်လည်း တခြားမြို့ တစ်ခုခုကို ပြောင်းရွှေ့ရတာမျိုး စိတ်ကူးတောင် မယဉ်ကြည့်ဖူးဘူး"ဟု ဆက်လက် ပြောကြားသွားသည်။

လက်ရှိ စပါးတိုက်စစ်တွင် ဆိုလ်ဒါဒိုသည် ပွဲထွက်နေရာအတွက် ချက်ချင်း သေချာလာစေသလို လာမီလာသည်လည်း စပါးအတွက် ကလပ်စံချိန်တင် ဈေးနှုန်းဖြင့် ဝယ်ယူအားဖြည့်မှု ဖြစ်လာသည်။ ထို့အပြင် ယာမိန်းဒီဖိုးသည်လည်း ဘိုအာ့စ်၏ စီမံကိန်းတွင် အရေးပါဆဲ ဖြစ်နေရာ အဒီဘာယောအတွက် ပွဲထွက်ခွင့် ကန့်သတ်ချက် အလွန်ကြီးမားလာခဲ့သည်။ ၎င်းက "ဒီနေ့တော့ ကျွန်တော်က ဆိုလ်ဒါဒို၊ ဒီဖိုး၊ ဒါမှမဟုတ် လာမီလာထက် ပိုကောင်းပါတယ်လို့ ခင်ဗျားတို့ကို ကျွန်တော် မပြောသေးဘူး။ ခုလောလောဆယ် အသင်းမှာ တိုက်စစ်သမား (၄)ယောက်ရှိတယ်။ ဘယ်သူက ပထမ၊ ဘယ်သူက ဒုတိယ၊ ဘယ်သူက တတိယအဆင့်လဲ ဆိုတာကို ကျွန်တော် မသိသေးဘူး။ ဒါပေမဲ့ အဆုံးတစ်နေ့မှာ ကျွန်တော်က ပထမဦးစားပေး ဖြစ်လာစေရမယ်။ ဒါက အရေးအကြီးဆုံးပဲ"ဟုလည်း မှတ်ချက်ပြုသွားသည်။

Post a Comment

 
Top