မီဆွတ်အိုဇေးလ် အသင်းမှ ထွက်ခွာ
ခဲ့ရခြင်းမှာ အသင်းတွင် နေရာရရန် အတွက် ကြိုးပမ်းလိုစိတ် မရှိသောကြောင့်
ဖြစ်ကြောင်း ရီးယဲမက်ဒရစ် လက်ထောက်နည်းပြ ဇီနီဒင်း ဇီဒန်းက
ပြောကြားလိုက်သည်။
ဂျာမနီ လက်ရွေးစင် ကစားသမားသည် ယူရို ၄၇ သန်းဖြင့် အပြောင်းအရွှေ့ နောက်ဆုံး ပိတ်ရက်တွင် အာဆင်နယ် အသင်းသို့ ပြောင်းရွှေ့လာသူ ဖြစ်သည်။ စပိန်ထိပ်သီး အသင်း ရီးယဲမက်ဒရစ်သည် နွေရာသီ အပြောင်းအရွှေ့ကာလက အသင်း၏ တိုက်စစ်ပိုင်းကို မြှင့်တင်ရန်အတွက် အစ္စကိုနှင့် ဂါရတ်ဘေးလ်တို့ကို ဝယ်ယူထားသော်လည်း အိုဇေးလ်ကို ရောင်းချခြင်းမှာ ၎င်း၏ အသင်းတွင် နေရာရရန် ကြိုးစားလိုစိတ် မရှိသောကြောင့် ဖြစ်ကြောင်း ဇီဒန်းက ပြောကြားခဲ့သည်။
“အသင်းက ထွက်ခွာဖို့ အိုဇေးလ် ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပါ။ သူဟာ ကစားသမားကောင်း တစ်ယောက်ပါ။ ဒါပေမဲ့ အသင်းမှာ နေရာတစ်နေရာ ရဖို့အတွက် သူ့မှာ ကြိုးစားလိုစိတ် မရှိခဲ့ပါဘူး။ ဒီမာရီယာရဲ့ တုံ့ပြန်မှုကပဲ ကောင်းမွန်ခဲ့တာပါ။ သူ အာဆင်နယ်မှာ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်” ဟု ဇီဒန်းက အသင်း၏ ရုပ်သံလိုင်းထံ ပြောဆိုခဲ့သည်။
ရီးယဲမက်ဒရစ်သည် စနေနေ့တွင် ဗီလာရီးယဲနှင့် ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင် ယူရို သန်း ၁၀၀ ဖြင့် ဝယ်ယူထားသည့် ဘေးလ်ကို ပွဲထုတ်ကစားစေဖွယ်ရှိကြောင်း သိရသည်။

Post a Comment