
သနပ်ခါးရနံ့နှင့် နက်မှောင်ဖြောင့်စင်းသော
ဆံကေသာအလှ၊ ငွေချည်ဇာ အင်္ကျီလက်ရှည်နှင့် ထဘီကို ခြေဖျားအထိ
ဖုံးလွှမ်းအောင် ဝတ်ဆင် ထားပြီး မခို့တရို့ အပြုံးတို့ဖြင့်
မြန်မာအမျိုးသမီး၏ ရှုမငြီးသော အမူအရာကို စက်တင်ဘာ ၉ ရက်နေ့ ထုတ်
ကြေးမုံသတင်းစာတွင် ဆရာမ ယုဝတီခင်ဦးက “မြန်မာပြည်ရဲ့ အမျိုးသမီး”
ခေါင်းစဉ်ဖြင့် ကဗျာ ရေးသား ထားသည်ကို ဖတ်ရှုရသည်။ မြန်မာအမျိုး သမီးတို့၏
ဂုဏ်အင်ကို လေးစားတန်ဖိုးထားဖွယ် ဖော်ကျူးထားသည်မှာ ဝမ်းသာကြည်နူးစရာ
ကောင်းလှသည်။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ အချို့ သော
အမျိုးသမီးတို့သည် မြန်မာတို့၏ မျက်စိနှင့် အမြင်မတော်သော
ဝတ်စားဆင်ယင်မှုဖြင့် “ယိုသူ မရှက်၊ မြင်သူရှက်” မြင်ကွင်းမျိုးကိုလည်း
နေ့စဉ် မြင်တွေ့နေရသည်။ ခေတ်မီတိုး တက်လာသည်။ ခေတ်ဆန်လာသည်။
ကမ္ဘာနှင့်ရင်ပေါင်တန်းနေသည်။ နိုင်ငံခြားသရုပ်ဆောင်များကို အတုခိုးနေသည်။
မိမိကိုယ်ပိုင် လွတ်လပ်ခွင့်ဖြင့် စိတ်တိုင်းကျနေသည်။ မည်သို့ပင်ပြောပြော
မြန်မာ့ ယဉ်ကျေးမှုနှင့်ဆန့်ကျင် နေသောကြောင့် မသင့်လျော်သည်မှာ
အမှန်ပင်ဖြစ် သည်။
နက်မှောင်ဖြောင့်စင်းသော ဆံကေသာအလှ နေရာတွင်
တိုလိုတို၊ ကောက်လိုကောက်၊ ဖြောင့်လို ဖြောင့် အရောင်မျိုးစုံဖြင့်
မည်ကဲ့သို့ ခေါ်ဆိုရမည်ပင် မသိသော ပုံစံတို့က နေရာယူထားသည်။ ရင်ဖုံး
အင်္ကျီလက်ရှည်၊ ခြေဖျားအထိ ဖုံးလွှမ်းသော ထဘီ အစား ပေါ်ချင်သလိုပေါ်၊
ရှေ့ကွဲ၊ နောက်ကွဲ၊ ဘေးကွဲ၊ တိုသထက်တိုသော အင်္ကျီ၊ ဘောင်းဘီတို့ကို
အခန့်သား တွေ့မြင်နေရသည်။
ဤကဲ့သို့သော ဝတ်စားဆင်ယင်မှုကို မိဘ ညီအစ်ကို
မောင်နှမများ လက်အောက်တွင် ပိပိရိရိ သေသေသပ်သပ် “ဗိုင်းကောင်း ကျောက်ဖိ”
နေထိုင် လျက်ရှိသော ကျန်မြန်မာအမျိုးသမီးငယ်တို့ အတုယူ အတတ် သင်လျှင်
များစွာဒုက္ခ ရောက်ပေ လိမ့်မည်။
ယခုအခါတွင် ထိုကဲ့သို့ လျှပ်ပေါ်လော်လည်
ဝတ်စားဆင်ယင်မှုများဖြင့် နေ့ရောညပါမရှောင် သွားလာလှုပ်ရှားနေသော
အမျိုးသမီးတို့ကို မြို့ကြီး တိုင်းတွင် တွေ့မြင်နေရသည်။ ယနေ့ ခေတ်စားနေ
သော အနှိပ်ခန်းများ၊ ကာရာအိုကေများ၊ စင်တင် တေးဂီတနှင့် တွဲဖက်ထားသော
ဘီယာဆိုင်များ၊ ဒေးကလပ်၊ နိုက်ကလပ် စသည့်ဆိုင်များတွင် ဝင်ရောက်အ
လုပ်လုပ်ကိုင်နေသော အမျိုးသမီးများ ပင်ဖြစ်နေသည်။
မိမိတို့၏ ဘဝအခက်အခဲများကို အောင်မြင်စွာ
ဖြေရှင်းရန် မှန်ကန်သော နည်းလမ်းဖြင့် ကြိုးစား ရုန်းကန် စီးပွားရှာ
နေကြရသည့် လူများစွာထဲမှ ခွဲထွက်၍ အလွယ်လိုက်အကြိုက်ဆောင် မှားယွင်း သော
နည်းများဖြင့် ငွေရှာနေသူများ ဖြစ်နေတော့ သည်။ နေထိုင်ရာ မွေးရပ်ဇာတိကို
စွန့်လွတ်ခဲ့ရပြီး မိဘအုပ်ထိန်းသူများကိုပါ မည်သည့်အလုပ်လုပ်နေ ကြောင်း
လိမ်ညာပြောဆို၍ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည့် လုပ်ငန်း ရှင်တချို့
လက်အောက်တွင် မိမိဘ၀ ကို အပျက်အစီးခံကာ လုပ်ကိုင်စားသောက်နေရသော
အမျိုးသမီးတချို့၏ အဖြစ်မှာ ရင်နင့်ဖွယ်ကောင်းနေသည်။ မသမာသူတို့
လက်အောက်တွင် စေခိုင်းသမျှ ခန္ဓာကိုယ်ကို အရင်းပြု၍ စိတ်ပါသည်ဖြစ်စေ၊
မပါသည်ဖြစ်စေ အတင်း အကျပ်လုပ်ကိုင်နေရသော အမျိုးသမီးတို့ကို လျင်မြန်စွာ
ကယ်တင်ရန် အထူး လိုအပ်လာပြီဖြစ်ပေသည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ
(၃၅၈)တွင်လည်း “နိုင်ငံတော်သည် ကျေးကျွန်ပြု မှုနှင့် လူကုန်ကူးမှုများကို
တားမြစ်သည်”ဟု အတိ အလင်းပြဋ္ဌာန်းထားရာ အထက်ပါလုပ်ငန်းများတွင်
ဝင်ရောက်လုပ်ကိုင် နေရသူတို့မှာ မသိမသာ ရော၊ သိသိသာသာပါ
လူကုန်ကူးမှုခံနေရသူများပင် ဖြစ်နေသည်။ မြန်မာနိုင်ငံတွင်
တစ်ဖက်နိုင်ငံသို့ ရောင်းစားခြင်းခံရသူ များကိုသာ လူကုန်ကူးမှု
အထမြောက်သည်ဟု မသိနားမလည်သော များပြား လှသည့် ပြည်သူလူထုတို့ သိရှိထားရာ
ပြည်တွင်းမှ အမည်အမျိုးမျိုးတပ်၍ လုပ်ကိုင်နေသော ဖော်ပြ ပါ
လုပ်ငန်းများသည်လည်း အလင်းရောင်အောက်မှ လူကုန် ကူးမှုများ ဖြစ်နေပါသည်။
မြန်မာနိုင်ငံသည် လူကုန်ကူးမှု တိုက်ဖျက်ရေး
လုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မူဝါဒချမှတ်၍ ကြိုးပမ်း
ဆောင်ရွက်လျက်ရှိရာ ကြိုတင်ကာကွယ်စောင့်ရှောက်ရေး၊ ဥပဒေအရ အရေးယူရေးနှင့်
ပြန်လည် ထူထောင်ရေး လုပ်ငန်း တို့ကို အရှိန်အဟုန်ဖြင့်
လုပ်ကိုင်လျက်ရှိနေပါ သည်။
ထို့ကြောင့် ယနေ့မြို့ကြီးတွင် ထင်ထင်ပေါ်ပေါ်
လုပ်ဆောင်နေသည့် အနှိပ်ခန်းများ၊ ကာရာ အိုကေများ၊ စင်တင် တေးဂီတများ၊
ဒေးကလပ်၊ နိုက်ကလပ်များသည်လည်း သိသာထင်ရှားသည့် လူကုန်ကူးမှုတစ်ခုပင်
ဖြစ်သည်။ ၎င်းလုပ်ငန်း များရှိ အမျိုးသမီးငယ်များသည် မိမိတို့၏ မောင်နှမ
သားချင်းများပင် ဖြစ်နေသောကြောင့် အလျင် အမြန် ကယ်တင်ရန် ဆန္ဒရှိပါကြောင်း
စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျရောက်သည့် ပထမဆုံး မြန်မာ နိုင်ငံ
လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြု ရေးသားအပ်ပါသည်။ ။
No comments:
Post a Comment