အာဆင်နယ်တွင် ကစားနေခဲ့စဉ်က မိမိအပေါ် အာစင်ဝင်းဂါးက ယုံကြည်မှု နည်းပါးလွန်းခဲ့ကြောင်း ရိုးမား တိုက်စစ်မှူး ဂါဗင်ဟိုက ဝေဖန် ပြောကြားလိုက်သည်။

အသက်(၂၆)နှစ်ရှိ အိုင်ဗရီကို့စ် လက်ရွေးစင်သည် ပြင်သစ်ကလပ် လိုင်လီမှ အာဆင်နယ်သို့ ပေါင်စတာလင် (၁၀.၈)သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး (၂)နှစ်ကြာ ကစားခဲ့သော်လည်း အောင်မြင်မှုများ မရရှိခဲ့ချေ။ ၎င်းသည် (၂)နှစ်အတွင်း (၉)ဂိုးသာ သွင်းယူနိုင်ခဲ့သလို ယခုနွေရာသီတွင် အီတလီ စီးရီးအေ ကလပ်အသင်း ရိုးမားသို့ ကူးပြောင်းခဲ့သည်။ ဂါဗင်ဟိုသည် အာဆင်နယ်တွင် ဆိုးရွားသော ခြေစွမ်းမျိုးဖြင့် ပွဲစဉ်အချို့ ဖြတ်သန်းဖူးပြီး ယခုအခါ ယင်းအခြေအနေများနှင့် စပ်လျဉ်းပြီး ပြင်သစ်သား မန်နေဂျာကြီး ဝင်းဂါးကို အပြစ်တင်လိုက်ခြင်း ဖြစ်သည်။



"ကျွန်တော်က ကွင်းထဲမှာ ပွဲချိန်များများ ဝင်ကစားရတယ်လို့ကို မရှိဘူး။ ကစားသမား တစ်ယောက် အနေနဲ့ အကောင်းဆုံး ခြေစွမ်း ရလာဖို့အတွက် ကျွန်တော့်မှာ အဲဒီ အခွင့်အရေး လိုအပ်ပါတယ်။ ဝင်းဂါးဟာ ဒီအတွက် ကျွန်တော့်ကို ခွင့်ပြုဖို့ ဘယ်တော့မှ ပြင်ဆင်ထားတာ မရှိဘူး။ ကျွန်တော့်ကို တောင်ပံမှာ နေရာပေးတာမျိုးက မျှော်လင့်ထားတဲ့ အရာလည်း မဟုတ်ဘူး။ ပြောရရင် ဒီလို ကစားရတဲ့အတွက် ကျွန်တော် မပျော်နိုင်ဘူး"ဟု ဂါဗင်ဟိုက ဖွင့်ဟခဲ့သည်။

၎င်းက ဆက်လက်၍ "တကယ်လို့ ဝင်းဂါးသာ ကျွန်တော့်အပေါ် ယုံကြည်မှု လုံလုံလောက်လောက် ထားပေးခဲ့မယ်ဆိုရင် ကျွန်တော့်အတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ"ဟုလည်း ပြောဆိုသွားသည်။

Post a Comment

 
Top