မန်ချက်စတာ ယူနိုက်တက်နှင့် အတူ
ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ကာကွယ်ရန် အလွန် အာသီသ ပြင်းပြနေကြောင်း
တွမ်ကလီဗာလေက ပြောကြားလိုက်သည်။
အသက်(၂၄)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် ကစားသမားက လက်ရှိ ဘောလုံးရာသီ အစပိုင်းတွင် ယူနိုက်တက်၏ ရလဒ်ပိုင်း ရုန်းကန်နေရသည့်တိုင် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို အောင်မြင်စွာ ကာကွယ်နိုင်ရန် မျှော်လင့်ထားကြောင်း ဖွင့်ဟခဲ့သည်။ ကလီဗာလေသည် ပြီးခဲ့သည့် ရာသီက မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် လက်အောက်တွင် ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးရယူရေး ကြိုးပမ်းမှု၌ (၂၂)ပွဲ ပါဝင် ကစားခဲ့သည်။ မန်ချက်စတာမြို့တွင် ပထမဆုံးအကြိမ် အောင်ပွဲခံ လှည့်လည်မှု၌ ပါဝင်ခွင့် ရခဲ့သည့်နောက် ကလီဗာလေက အဆိုပါ အခိုက်အတန့်မျိုး နောက်တစ်ကြိမ် ပိုင်ဆိုင်လိုကြောင်း ဖွင့်ဟခဲ့သည်။

"ပထမဆုံး ချန်ပီယံ ဆုတံဆိပ်ကို ရလိုက်တော့ ကျေနပ်နှစ်သိမ့်သလို
ဖြစ်သွားပါတယ်။ ဒါပေမဲ့ တစ်ခါ အောင်မြင်ဖူးရင် နောက်ထပ်
အောင်မြင်မှုတွေအတွက် ပိုပိုပြီး တောင့်တလာတတ်တာ မဆန်းပါဘူး။ အောင်ပွဲခံ
လှည့်လည်မှု အတွေ့အကြုံကို ရရှိပြီးတဲ့နောက်မှာ ဒါကို နောက်ထပ် နောက်ထပ်
အကြိမ်ပေါင်းများစွာ ထပ်ပြီး တွေ့ကြုံချင်မှာပဲလေ။ အဲဒီနေ့က
ကျွန်တော့်အတွက် သိပ်ကို ထူးခြားကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော် ဘယ်တော့မှ
မေ့နိုင်မှာ မဟုတ်ဘူး။ ဒီအရသာကို သိခဲ့တဲ့နောက် ကျွန်တော်တို့ဟာ
အောင်မြင်မှုကို ပိုပိုပြီးတော့ ဆာလောင်လာပါတယ်"ဟု ကလီဗာလေက ပြောဆိုခဲ့သည်။
ကလီဗာလေက မန်နေဂျာ ဒေးဗစ်မိုယက်စ်၏ လေ့ကျင့်ရေး အစီအစဉ်များသည် ပြင်းထန်လွန်းပြီး ယင်းက အောင်ပွဲရလဒ်ထံ ဦးတည်သွားမည်ဟု မျှော်လင့်ကြောင်းလည်း ဆိုသည်။ "နေ့တိုင်း ဘယ်လို လေ့ကျင့်ကြတယ် ဆိုတာကို မြင်ရရင် အံ့ဩလိမ့်မယ်။ တကယ့်ကို ယှဉ်ပြိုင်မှု အပြည့်နဲ့ လေ့ကျင့်ကြတာပါ။ ပြောရရင် လေ့ကျင့်ရေးကွင်းမှာ ရှုံးခဲ့ရင်တောင် ကျွန်တော်တို့ စိတ်မသက်မသာ ဖြစ်နေကြတယ်။ လေ့ကျင့်ရေးကွင်းမှာ ပြိုင်ဆိုင်မှု ပြင်းထန်လေလေ၊ ကစားသမားတွေအတွက် ပိုတိုးတက်လာလေလေပဲ မဟုတ်လား"ဟုလည်း ၎င်းက မှတ်ချက်ပြုသွားသည်။

Post a Comment