စစ်ဘက်နယ်ဘက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစား ၀န်ထမ်းများ စရိတ်သက်သာစွာဖြင့် ဆေးကုသနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ ပထမဆုံး အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ဆေးရုံကို စက်တင်ဘာ ၇ ရက် နံနက်က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အဆိုပါ ဆေးရုံ၌ စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းဆေးရုံ ဖွင့်ပွဲတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ
ဦးသိန်းညွန့်က "အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ဆေးရုံဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှု စရိတ်သက်သာစွာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ဖြစ်ကြောင်း" ဟု စက်တင်ဘာ ၇ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ပြောကြားခဲ့သည်။    
အဆိုပါ ဆေးရုံသည် ခုတင် ၃၀၀ ဆံ့သည့် ဆေးရုံကြီးဖြစ်ပြီး အထူးကုဌာနပေါင်း ၂၂ ဌာန ပါဝင်ကာ အငြိမ်းစားဝန်ထမ်းများမှာ အဖြစ်များသည့် နှလုံးရောဂါ၊ ဦးနှောက်နှင့် အာရုံကြောရောဂါ၊ လေဖြတ်ရောဂါ၊ အစာအိမ် အူလမ်းကြောင်းရောဂါ၊ ဆီးနှင့်ကျောက်ကပ် ရောဂါများကို ခေတ်မီစက်ကိရိယာများနှင့် အထူးကုသမှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ သာမက ပုဗ္ဗသီရိမြို့နယ်ရှိ ပြည်သူများနှင့် အနီးဝန်းကျင် ဒေသများမှ ပြည်သူများကိုပါ ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားရန် ရည်ရွယ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ အဆိုပါဆေးရုံကို မြေဧရိယာ ၅၁ ဧကပေါ်တွင် အလျား ၂၂၅ ပေ အနံ ၇၅ ပေရှိ လူနာဆောင် ၁၅ ဆောင်၊ လူနာတည်းခိုဆောင် တစ်ဆောင်၊ ဇရပ်တစ်ဆောင်၊ နှစ်ခန်းတွဲသုံးထပ် ၀န်ထမ်းအိမ်ရာ တစ်လုံး၊ ၁၀ ခန်းတွဲနှစ်ထပ် ၀န်ထမ်းအိမ်ရာ သုံးလုံးတို့ကို ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။

Post a Comment

 
Top