
မြန်မာသတင်းများ •
၇၄) နှစ် မြှောက် မြန်မာ လွတ်လပ်ရေး မီးရှူး တန်ဆောင် ဆရာတော်
ဦးဥတ္တမနေ့ အကြို ဟောပြောပွဲကို မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်
မောင်တောမြို့နယ် နံသာတောင် ပရဟိတ စာသင်ကျောင်းတွင် စက်တင်္ဘာလ ၃ ရက်နေ့က
ပြုလုပ်ခဲ့သည်။
အကြို ဟောပြောတွင် အခမ်းအနားတွင် စာရေးဆရာ သားလှ (ရသေ့တောင်)က ဆရာတော်
ဦးဥတ္တမ၏ ဘ၀နိဂုံး မလှပပုံကို ၀မ်းနည်းဖွယ်ရာ ဟောပြောခဲ့သည်ဟု သိရှိရသည်။
နံသာတောင် ပရဟိတ စာသင်ကျောင်း နယက ဆရာတော် ဦးစရဏက စာရေးဆရာ သားလှ ဟောပြောသွားပုံကို ယခုလို နိရဉ္စရာသို့ မိန့်ကြားသည်။
“ ဆရာတော် ဦးဥတ္တမဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး
မီးရှူးတန်ဆောင်ဖြစ်တဲ့ အပြင် အာရှ တိုက်သားတွေကို နိုင်ငံရေးမျက်စေ့
ဖွင့်ပေးခဲ့သူ ဖြစ်တဲ့အတွက် အာရှနေ၀န်းလို့ ခေါ်ဆိုခဲ့ကြတယ်။ အဲဒီလို
မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်၊ အာရှနေ၀န်း ဆရာတော်ဟာ
ပျံလွန်တော်မူတဲ့အခါမှာ မရှုမလှ ပျံလွန်တော် မူရတဲ့အကြောင်း ကို
ဟောပြောသွားခဲ့ပါတယ်။ တိုင်းပြည် လွတ်လပ်ရေး အတွက် ဦးဆောင်ကြိုးပမ်းခဲ့သူ
ဆရာတော် ဦးဥတ္တမရဲ့ ဘ၀ နိဂုံး မလှပပုံက က အားလုံးအတွက် သင်ခန်းစာ ယူစရာပါ”
ဟု ဆရာတော်က ပြောသည်။
(၇၄) နှစ် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားမှာ စက်တင်္ဘာလ ၉ ရက်နေ့
ဖြစ်သော်လည်း ယခုကဲ့သို့ ကြိုတင်ပြီး ကျင်းပရသည့် အကြောင်းအရင်းကို
ဆရာတော်က ယခုကဲ့လို ရှင်းပြသည်။
“ ဒီ မောင်တောနယ်မြောက်ပိုင်းမှာ ဆရာတော်ဦးဥတ္တမနဲ့ပတ်သက်တဲ့
ဟောပြောပွဲတွေ လုပ်တာ နည်းပါတယ်။ ဆရာတော်အကြောင်းကို ဟောပြောဖို့သူတွေကလည်း
မအားကြဘူး။ ဒါကြောင့် ဟောပြောမယ့်သူတွေ အားတဲ့နေ့မှာ အခုလို ကြိုတင်ပြီး
ပြုလုပ် ကျင်းပလိုက်ရတာ ဖြစ်ပါတယ်။”
အခမ်းအနားတွင် ဆရာတော် ဦးဥတ္တမ၏ အတ္ထုပ္ပတ္တိ အကျဉ်းကို တောင်ပြို ဘက်စုံ
လူမှု ကူညီ စောင့်ရှောက်ရေးအဖွဲ့ ဦးလှခိုင်က ဟောပြောခဲ့သည်ဟု သိရသည်။
ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဖတ်
ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများက တောင်ပြို လက်ဝဲဆရာ တော်ကြီးထံတွင်
ငါးပါးသီလခံယူကြီးပြီး ဆရာတော်အား ဂုဏ်ပြုအနေဖြင့် လွမ်းသူ ပန်းခွေများချကာ
တစ်မိနစ် ခန့် ငြိမ်သက်စွာ ဂါရ၀ ပြုခဲ့ကြသည်။
အခမ်းအနားကို ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ရပ်မိရပ်ဖများများ၊
ကျောင်းသူ ကျောင်းသားများ ၄၅၀ ခန့်တက်ရောက်ပြီး နေ့လည် ၁၂ နာရီကျော်မှ
စတင်ခဲ့သော အခမ်းအနားကို ညနေ ၄ နာရီတွင် အောင်မြင်စွာ အဆုံးသတ်ခဲ့သည်ဟု
သိရှိရသည်။
ယခုနှစ် ကျရာက်မည့် ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားကို ရခိုင်ပြည်နယ်အနှံ့
ပြုလုပ်မည့်အပြင် ရန်ကုန်မြို့ MCC ခန်းမတွင် စည်ကားစွာ ကျင်းပသွားမည်ဟု
သတင်း ရရှိသည်။
Post a Comment