
သမ္မတဦးသိန်းစိန်က စာနယ်ဇင်း ကောင်စီနဲ့ စက်တင်ဘာလ ၂ ရက်နေ့ တွေ့ဆုံစဉ်
သိန်း ၅၀၀ လှူဒါန်းမှုကို လက်ခံလိုက်တဲ့ အတွက် သတင်းမီဒီယာ လွတ်လပ်ခွင့်၊
စာနယ်ဇင်း လွတ်လပ်ခွင့်ကို အလှူငွေ ကျပ်သိန်း ၅၀၀ နဲ့ လဲလိုက်ပြီလား
မေးခွန်းတွေ ဆက်တိုက် ဆိုသလို ထွက်ပေါ်လာပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ သိန်း ၅၀၀ အလှူငွေ လက်ခံတာကို စာနယ်ဇင်းကောင်စီက
ပွင့်လင်းမြင်သာမှုရှိရှိ ချက်ချင်း တရားဝင် သတင်းထုတ်ပြန်တာ မရှိဘဲ
စက်တင်ဘာလ ၃ ရက်နေ့ ရွှေနိုင်ငံသစ် သတင်းစာမှာ ဖော်ပြမှ ဒီလှူဒါန်းမှု
အကြောင်း စာနယ်ဇင်းသမား အများစု သိရှိခဲ့ကြတာပါ။
ဒီလှူဒါန်းမှု သတင်း ထွက်ပေါ်လာတာနဲ့ တပြိုင်နက်တည်း လူမှုကွန်ရက်တွေပေါ်မှာ
စာနယ်ဇင်းကောင်စီရဲ့ အလှူငွေ လက်ခံမှု အပေါ် မေးခွန်းထုတ်လာ ကြပါတယ်။
စာနယ်ဇင်းကောင်စီရဲ့ အတွင်းရေးမှူး ဦးကျော်မင်းဆွေက လက်ရှိ ရုံးခန်းငှားခ
အပါအ၀င် စရိတ် အကုန်အကျ တွေကို ကိုယ်တိုင် စိုက်ထုတ် ကုန်ကျနေရပြီး သမ္မတရဲ့
အလှူငွေကိုလည်း သတင်းမီဒီယာ လောက ဖွံ့ဖြိုးရေးအတွက် သုံးမယ်လို့
ပြောဆိုပါတယ်။
ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းမီဒီယာ လုပ်ငန်းတွေ အားလုံး အစိုးရ
ခွင့်ပြုချက်ရှိမှ မီဒီယာလုပ်ငန်း လုပ်ကိုင်ခွင့် ရှိမယ်ဆိုတဲ့
“ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေ” ကို လွှတ်တော်တွေမှာ အတည်ပြုဖို့
အလားအလာ များနေတဲ့အချိန်မှာ စာနယ်ဇင်း ကောင်စီရဲ့ အလှူငွေ လက်ခံတဲ့
လုပ်ရပ်က အတော်ကို မှားယွင်းတယ်လို့ ဆိုရမှာပါ။
သမ္မတဦးသိန်းစိန်နဲ့ စာနယ်ဇင်းကောင်စီ တွေ့ဆုံမှုက သတင်းလွတ်လပ်ခွင့်
အတွက်လား၊ ကုန်ကျစရိတ်တွေကို ညည်းညူပြီး သမ္မတရဲ့ အထောက်အပံ့နဲ့
အခွင့်အရေးတွေကို လက်ခံဖို့ သွားတွေ့ခဲ့တာလားလို့ မေးခွန်း ထုတ်ရတော့မှာပါ။
တကယ်တော့ ဒီနေ့ ဖြစ်ပေါ်နေတဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) ဟာ
သတင်းသမားအများစု ကြိုးပမ်းမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့
အဖွဲ့အစည်းတခုဖြစ်ပြီး စာနယ်ဇင်းကောင်စီ ဖြစ်ပေါ်လာဖို့ မြန်မာနိုင်ငံ
သတင်းစာဆရာ အသင်း၊ မြန်မာ ဂျာနယ်လစ် ကွန်ရက်၊ မြန်မာနိုင်ငံသတင်းသမဂ္ဂ စတဲ့
အဖွဲ့အစည်းတွေနဲ့ သတင်းသမားတွေက ၀ိုင်းဝန်းပံ့ပိုး ပေးခဲ့ကြတာပါ။
ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးကျော်ဆန်း လက်ထက် ၂၀၁၂ ခုနှစ်
နှစ်လယ်ပိုင်းမှာ အစိုးရ၀န်ကြီး အပြောင်းအလဲ လုပ်မယ်ဆိုတဲ့ သတင်းကို
ရေးသားခဲ့တဲ့ The Voice နဲ့ Envoy ဂျာနယ် ၂ စောင်ကို စာပေစိစစ်ရေးက
ရက်အကန့်အသတ် မရှိ ပိတ်ပင်ခဲ့ပါတယ်။ ဒီပိတ်ပင်မှု ကြုံရပြီ ဆိုရင်ပဲ
မခံမရပ်နိုင် ဖြစ်ကြတဲ့ သတင်းသမားတွေ၊ လူငယ် သတင်းထောက်တွေ၊ သတင်း
မီဒီယာတွေ စုပေါင်းပြီး လမ်းလျှောက်ပွဲ၊ ဆန္ဒပြပွဲ၊ အင်္ကျီတွေ ဝတ်ဆင်၊ Press
Freedom ဆိုတဲ့ ဦးထုပ်တွေဆောင်းလို့ မီဒီယာ အပေါ် ဖိနှိပ်တဲ့ အစိုးရနဲ့
ဝန်ကြီးကို ကန့်ကွက်ခဲ့ကြပါတယ်။ ဒီကန့်ကွက်မှုကိုလည်း ပြည်တွင်းပြည်ပ သတင်း
မီဒီယာအားလုံး ထောက်ခံခဲ့ကြပါတယ်။
ဒီကန့်ကွက်မှုကြောင့် နိုင်ငံတကာ အာရုံစူးစိုက်မှုနဲ့ ပြည်သူလူထု
ထောက်ခံမှုရရှိပြီး ဂျာနယ် ၂ စောင်ကို အစိုးရက ပြန်လည် ထုတ်ဝေခွင့်
ပြုရတဲ့အပြင် စာနယ်ဇင်းကောင်စီ ဖွဲ့စည်းဖို့၊ သတင်းမီဒီယာ လွတ်လပ်ခွင့်၊
သတင်းစာထုတ်ဝေခွင့် အပါအ၀င် သတင်းမီဒီယာတွေ အပေါ် ထိန်းချုပ်မှုတွေ
ဖြေလျော့ဖို့ လုပ်ဆောင်လာရပါတယ်။ နောက်ဆုံးမှာ ပြန်ကြားရေးဝန်ကြီး
ဦးကျော်ဆန်းလည်း ၀န်ကြီးဌာန ပြောင်းရွှေ့ရပြီး လက်ရှိ စာနယ်ဇင်းကောင်စီက
ရုပ်လုံး ပေါ်လာရတာပါ။
ဒီနေ့ ရရှိနေတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်က အစိုးရ သဘောကောင်းလို့၊
သမ္မတဦးသိန်းစိန် စေတနာကောင်းလို့ ရလာတာ မဟုတ်ဘဲ သတင်းသမားတွေ အားလုံး
စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်ခဲ့ကြလို့ ရရှိခဲ့တာပါ။
ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတဲ့ “ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း
ဥပဒေကြမ်း” ပေါ်ပေါက်လာချိန်မှာ စာနယ်ဇင်း ကောင်စီကို တိုက်ပွဲဝင်
အဖွဲ့အစည်းအဖြစ် သတင်း လွတ်လပ်ခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့် အတွက်
ဦးဆောင်စေဖို့ မီဒီယာ ဘက်တော်သားတွေက ထောက်ခံ အားပေးခဲ့ကြပါတယ်။ စာနယ်ဇင်း
ကောင်စီဘက်က မီဒီယာအဖွဲ့အစည်းတွေ တော်တော် များများ တသားတည်း
ရပ်တည်ပေးခဲ့ကြပါတယ်။
ဒါပေမယ့် စာနယ်ဇင်းကောင်စီက သမ္မတဦးသိန်းစိန်ရဲ့အလှူငွေကို လက်ခံလိုက်တာဟာ မီဒီယာသမားတွေရဲ့ ယုံကြည်မှုကို ချိုးဖောက် လိုက်တာပါပဲ။
ဒီအလှူငွေက သမ္မတဦးသိန်းစိန်ရဲ့ ကိုယ်ပိုင်ငွေ မဟုတ်ဘူး၊ ပြည်သူ့
ငွေကြေးဖြစ်တယ်၊ စာနယ်ဇင်း လွတ်လပ်ခွင့် အတွက် သုံးမယ် စသည်ဖြင့် ဘယ်လိုပင်
ဆိုစေကာမူ အစိုးရ ရှေ့ရောက်ရင် အစိုးရရဲ့ ဆောင်ရွက်ချက် လေကြောမှာ မျော
သွားတတ်တဲ့ စာနယ်ဇင်း ကောင်စီရဲ့ လုပ်ရပ်ကြောင့် သတင်းသမားတွေရဲ့ယုံကြည်မှု
ပျောက်ပျက်သွားပါပြီ။
အခုအချိန်မှာ မီဒီယာတွေကို ထိန်းချုပ်ဖို့ ရည်ရွယ်ထားတဲ့
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းမှာ
ပါဝင်တဲ့ မှတ်ပုံတင်အရာရှိနဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရှိမှ
သတင်းမီဒီယာလုပ်ငန်း လုပ်ခွင့်ရမယ် ဆိုတဲ့ ပြဋ္ဌာန်းချက်တွေကို ပြောင်းလဲ
ပြင်ဆင်နိုင်ခြင်း မရှိသေးပါဘူး။ ဒီလိုအချိန်မျိုးမှာ အစိုးရရဲ့ အလှူငွေကို
လက်ခံ လိုက်တာ အင်မတန်မှ မှားယွင်းတဲ့အပြင် သတင်းမီဒီယာ သမားများ
အားလုံးရဲ့ညီညွတ်မှုကို ဖျက်ဆီးလိုက်တဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။
စာနယ်ဇင်းကောင်စီ လုပ်ရပ်မှားတာ၊ မှန်တာထက် လတ်တလောတော့ အလှူငွေ သိန်း
၅၀၀ ကြောင့် သတင်းမီဒီယာ သမားတွေ အားလုံးရဲ့ စုစည်းညီညွတ်မှုကို အစိုးရက
လှလှပပ ရိုက်ချိုး လိုက်နိုင်ပါပြီ။ အလှူငွေလက်ခံတာ မှားတယ်ဆိုတဲ့
သတင်းမီဒီယာသမား တွေက တအုပ်စု၊ မှန်တယ်ဆိုတဲ့ မီဒီယာသမားတွေက တအုပ်စု
အချင်းချင်းကို အိမ်ကြက်ချင်း အိုးမဲသုတ်၊ ခွပ်ခိုင်း ခံနေရပါပြီ။
စည်းလုံးညီညွတ်မှု ပြိုကွဲနေတဲ့ သတင်းမီဒီယာတွေ အနေနဲ့ ပြန်ကြားရေးရဲ့
စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိန်းချုပ်ထားတဲ့ ပုံနှိပ် ဥပဒေကို
တွန်းလှန်နိုင်ဖို့ အတော်ကို အင်အားချိနဲ့ သွားပြီလို့ ဆိုရမှာပါ။
စာနယ်ဇင်းကောင်စီ အနေနဲ့ စည်းလုံးညီညွတ်မှု မပြိုကွဲစေချင်ရင်၊
သတင်းမီဒီယာသမား အားလုံးရဲ့ ယုံကြည်မှုကို ဆက်လက် ထိန်းသိမ်းပြီး စာနယ်ဇင်း
လွတ်လပ်ခွင့်ကို ထိန်းသိမ်းချင်ရင်တော့ မိမိအမှားကို ၀န်ချတောင်းပန်ပြီး
ဒီအလှူငွေ သိန်း ၅၀၀ ကို ချက်ချင်း ပြန်ပေးသင့်ပါပြီ။
အဲလိုမှ မဟုတ်ရင်တော့ အလှူငွေသိန်း ၅၀၀ က စာနယ်ဇင်းကောင်စီရဲ့
သတင်းလွတ်လပ်ခွင့် လှုပ်ရှားမှုတွေ ရပ်ဆိုင်းဖို့ အစိုးရပေးတဲ့ လျော်ကြေးတခု
ဖြစ်သွားမှာ အသေအချာပါပဲ။ တနည်းအားဖြင့် သမ္မတ ဦးသိန်းစိန်ရဲ့အလှူငွေနဲ့
အထောက်အပံ့ တွေက စာနယ်ဇင်းကောင်စီကို အစိုးရလူအဖြစ် သိမ်းသွင်းလိုက်တာပါပဲ။
လက်ရှိ အခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် စာနယ်ဇင်းကောင်စီက အစိုးရအလိုကျ
လုပ်မှာမဟုတ်ဘူး၊ သတင်းလွတ်လပ်ခွင့်အတွက် ရပ်တည်မှာပါ အစရှိသည်ဖြင့်
ဘယ်လိုပဲ ဆိုစေကာမူ သတင်းမီဒီယာသမား အများစုရဲ့ ယုံကြည်မှု၊ ထောက်ခံမှုတွေ
လုံးဝ ရရှိမှာ မဟုတ်ပါဘူး။
သမ္မတဦးသိန်းစိန်အနေနဲ့ တကယ်ပဲ မီဒီယာတွေအပေါ်မှာ စေတနာရှိတယ်ဆိုရင်
အလှူငွေ သိန်း ၅၀၀ မပေးဘဲ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့
ပုံနှိပ်ဥပဒေကြမ်းကို ပြန်လည်ရုပ်သိမ်းပြီး စာနယ်ဇင်းလွတ်လပ်ခွင့်ရှိတဲ့
ဒီမိုကရေစီ နိုင်ငံတခုဖြစ်အောင် တည်ဆောက်ပေးခြင်းဖြင့် မီဒီယာတွေ
ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်း လိုပါတယ်။
ERF;http://burma.irrawaddy.org/archives/47501
Post a Comment