The
Daily Eleven သတင်းစာပါ ''သမ္မတရုံး ညွှန်ကြားချက်ဖြင့် ပြည်သူ့ဝန်ဆောင်မှု
လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့ အကြောင်းကြားစာ
ပေးပို့ခဲ့ခြင်းအား ရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင်များ ကန့်ကွက်မည်''
သတင်းဆောင်းပါး ရေးသားမှုနှင့် ပတ်သက်၍ The Daily Eleven အား
စာနယ်ဇင်းကောင်စီမှ လိုအပ်သလို ထိန်းသိမ်းရန် ပြန်ကြားရေး ၀န်ကြီးဌာနက
အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း စာနယ်ဇင်း ကောင်စီထံမှ သိရသည်။
ထိုအကြောင်းကြားစာသည် Eleven Media Group ၏ မန်နေးဂျင်း ဒါရိုက်တာ
ဦးသိန်းမြင့်ထံသို့ စက်တင်ဘာ ၆ ရက်တွင် စာနယ်ဇင်းကောင်စီ (ယာယီ)မှ
ပေးပို့ခဲ့သော အီးမေးလ်မှတစ်ဆင့် The Daily Eleven အယ်ဒီတာအဖွဲ့က
ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ အကြောင်းကြားစာတွင် ''သမ္မတရုံး ညွှန်ကြားချက်ဖြင့် ....''
သတင်းဆောင်းပါးတွင် သမ္မတရုံး ညွှန်ကြားချက်ဖြင့်ဟု
စွပ်စွဲပြောဆိုခဲ့ကြောင်း၊ ထိုကိစ္စနှင့် စပ်လျဉ်း၍ သြဂုတ် ၁၈ ရက်တွင်
မြန်မာ့ရုပ်ရှင်လုပ်ငန်း (ရုံးချုပ်) ၌ ပြန်ကြားရေး ၀န်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးပိုက်ထွေး၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြား ရေးမှူးနှင့်
ညွှန်ကြားရေးမှူးများ အစရှိသူတို့ တက်ရောက်သည့် အစည်းအဝေးတစ်ရပ်
ပြုလုပ်ခဲ့ကြောင်း၊ ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး
ဥက္ကဋ္ဌ ဦးလူမင်းက ''ပုဂ္ဂလိက သတင်းစာတွင် ဖော်ပြသကဲ့သို့ မိမိတို့ အနေဖြင့်
နိုင်ငံတော် သမ္မတရုံး ဆိုသည့် စကားရပ်ကို လုံးဝသုံးစွဲ ပြောဆိုခဲ့ခြင်း
မရှိပါကြောင်း၊ ဆင်ဆာမူဝါဒများ တင်းကျပ်လာလျှင် ရုပ်ရှင်လောက သားများမှ
ဆန္ဒပြ ကန့်ကွက်သွားမည် ဆိုသည်မှာ လုံးဝမဟုတ်ပါကြောင်း၊ လောကသား အချင်းချင်း
လွတ်လပ်စွာ ပြောဆိုမှုများထဲမှ ဆွေးနွေးချက် အချို့သာဖြစ်ပြီး အစည်းအဝေး
ဆုံးဖြတ်ချက် မဟုတ်ပါကြောင်း၊ မိမိတို့ ရုပ်ရှင်လောကသားများ အနေဖြင့်
ပြည်သူ၏ဆန္ဒ၊ ပြည်သူ့အသံကို အလေးထား ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့
အကြံပြု ပေးပို့လာသည့်အပေါ် ပုဂ္ဂလိက သတင်းစာတွင် ဖော်ပြသကဲ့သို့
ဆန္ဒထုတ်ဖော်ခြင်း၊ ကန့်ကွက်ခြင်း ဆောင်ရွက်ရန် အစီအစဉ် လုံးဝမရှိပါကြောင်း
ရှင်းလင်း ပြောကြားခဲ့သည်'' ဟု ဖော်ပြခဲ့ပြီး ထိုသတင်းကို သြဂုတ် ၁၉
ရက်ထုတ် သတင်းစာများတွင် ထည့်သွင်း ဖော်ပြခဲ့သည်ဟု အကြောင်းကြားစာတွင်
ရေးသားခဲ့ပါသည်။ ထို့နောက် The Daily Eleven နေ့စဉ်သတင်းစာမှ နိုင်ငံတော်
သမ္မတရုံးနှင့် ပတ်သက်၍ မမှန်ကန်၊ မရေရာသည့် သတင်းများ ဖော်ပြခြင်း
မပြုရေးကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့် The Daily
Eleven သတင်းစာသို့ လိုအပ်သလို ထိန်းသိမ်း အကြောင်းကြား ပေးနိုင်ပါရန်
ညှိနှိုင်းအပ်ပါသည်ဟု စာတွင် ဆက်လက် ဖော်ပြခဲ့ပါသည်။
အဆိုပါ အကြောင်းကြားစာတွင် ပါရှိသော သတင်းဆောင်းပါး၌ 'ကန့်ကွက်မည်'
ဆိုသော စကားရပ်ကိုသာ ဖော်ပြခဲ့ခြင်းဖြစ်ပြီး 'ဆန္ဒပြ ကန့်ကွက်သွားမည်'
ဆိုသော 'ဆန္ဒပြ' စကားရပ်ကို လုံးဝသုံးစွဲခဲ့ခြင်း မရှိကြောင်း ထိုသတင်းကို
ရေးသားခဲ့သူ အနုပညာကဏ္ဍ အကြီးတန်း အယ်ဒီတာ မလင်းလင်းခိုင်က ပြောပါသည်။
သမ္မတရုံးက ညွှန်ကြားချက်အရ အစည်းအဝေး တက်ပါလို့ ရုပ်ရှင်အစည်းအရုံး ရုံးအဖွဲ့က ဦးချစ်ဆွေ ဖုန်းဆက်လို့ ဒီအစည်းအဝေး တက်တာလေ။ မတက်ခင်မှာ ဒုတိယဥက္ကဋ္ဌ ဦးညီညီထွန်းလွင်ကို သမ္မတရုံးဆိုတာ သမ္မတလား၊ ဒုတိယ သမ္မတလားလို့ ပြောလိုက်သေးတယ်။ အစည်းအဝေး တက်တဲ့လူတွေ အားလုံး နားလည်တာက ဒါက သမ္မတရုံးက လာတာပဲ... |
''ကျွန်မရေးတဲ့ သတင်းဆောင်းပါးကို အချက်အလက် အမှန်တွေနဲ့ ရေးခဲ့တာပါ။
Sources တွေလည်း မှန်ပါတယ်။ နောက်တစ်ခုက သတင်းဆောင်းပါး ခေါင်းစဉ်မှာရော၊
အတွင်းစာသား တွေမှာပါ 'ဆန္ဒပြမယ်' ဆိုတာ တစ်ခုမှ မပါပါဘူး။ မပါဘဲနဲ့
စွပ်စွဲပြောဆိုတာ ဖြစ်ပါတယ်။ သမ္မတရုံးက ညွှန်ကြားတယ်ဆိုတဲ့ အချက်ကလည်း
အစည်းအဝေး တက်ခဲ့သူ (သတင်း Sources) တွေဆီကို ရုပ်ရှင်အစည်းအရုံးက
အကြောင်းကြား ခဲ့တဲ့အတိုင်း ရေးခဲ့တာပါ'' ဟု မလင်းလင်းခိုင်က ဆိုသည်။
''သမ္မတရုံးက ညွှန်ကြားချက်အရ အစည်းအဝေး တက်ပါလို့ ရုပ်ရှင်အစည်းအရုံး
ရုံးအဖွဲ့က ဦးချစ်ဆွေ ဖုန်းဆက်လို့ ဒီအစည်းအဝေး တက်တာလေ။ မတက်ခင်မှာ
ဒုတိယဥက္ကဋ္ဌ ဦးညီညီထွန်းလွင်ကို သမ္မတရုံးဆိုတာ သမ္မတလား၊ ဒုတိယ သမ္မတလားလို့
ပြောလိုက်သေးတယ်။ အစည်းအဝေး တက်တဲ့လူတွေ အားလုံး နားလည်တာက ဒါက သမ္မတရုံးက
လာတာပဲ။ ဒါကြောင့် ကျွန်တော် သမ္မတရုံးကလာတာ၊ ဘာလို့ နေရာတကာ ပါတာလဲလို့
ဝေဖန်တာ။ နောက်နေ့ ဥက္ကဋ္ဌက သူတို့ သမ္မတရုံးကလို့ မပြောပါ ဘူးလို့ ပြောလို့
အံ့သြမိတယ်။ သမ္မတ အကြံပေး ဦးနေဇင်လတ်ကလည်း ကျွန်တော့်ဆီ ဖုန်းဆက်သေးတယ်။
ဒီစကား ခင်ဗျားပြောတာလားလို့ မေးတယ်။ ကျွန်တော်က ဟုတ်ပါတယ်လို့
ဖြေလိုက်တယ်။ ရုပ်ရှင် အစည်းအရုံးက သမ္မတရုံး စာအရ အစည်းအဝေး ဖိတ်တာပါ။
အစည်းအဝေးမှာ ပြောတော့ တစ်မျိုး၊ အစိုးရ သတင်းစာမှာ ပါလာတော့
တစ်မျိုးဖြစ်တာပါ'' ဟု ဒါရိုက်တာ မီးပွားက ပြောကြားသည်။
''အဲဒီနေ့ ဆုံးဖြတ်ချက်က ရှင်းတယ်။ လုံးဝ ကန့်ကွက်တယ်။ ဆန္ဒထုတ်ဖော်မယ်
ဆိုတာ အစ်ကိုကိုယ်တိုင် ပြောခဲ့တာ။ ဘာလို့လဲဆိုတော့ ဆင်ဆာ ပြန်လည်တင်းကျပ်
မယ်ဆိုရင် ဒို့တင်မဟုတ်ဘူး။ မင်းသား၊ မင်းသမီးတွေပါ ဆန္ဒထုတ်ဖော်မှာ
သေချာတယ်။ လွတ်လပ်ခွင့်လေး ရလာတာတောင် မကြာသေးဘူး။ တိုးတက်ဖို့အတွက်
ဇာတ်လမ်းဇာတ်ညွှန်းတွေ ရှာနေတုန်းပဲ ရှိသေးတယ်'' ဟု ဒါရိုက်တာဝိုင်းက သြဂုတ်
၁၉ ရက်နေ့က ပြောကြားခဲ့သည်။
''သတင်းစာမှာ ပါလာတဲ့ ဆောင်းပါးနဲ့ ပတ်သက်ရင် သတင်းစာက အရင်လို
ဖြစ်နေတုန်းပဲလား။ အစိုးရ ပေါ်လစီကို ကာ ကွယ်နေတုန်းပဲလား။ ဒီဆောင်းပါးနဲ့
ပတ်သက်ပြီး မေးချင်တယ်။ ၀န်ကြီးဌာန အနေနဲ့ရော ဗဟိုဦးစီး ချုပ်ကိုင်စနစ်နဲ့
သွားနေတုန်း ပဲလား။ ရုပ်ရှင်အစည်းအရုံးကို မေးချင်တာ တစ်ခုက
ရုပ်ရှင်အစည်းအရုံးက သတ္တိရှိဖို့တော့ လိုတယ်။ လောကသားတွေနဲ့ အစိုးရနဲ့
ကြားမှာ သတ္တိရှိဖို့ လိုတယ်။ ဒီအစည်းအဝေးနဲ့ ပတ်သက်လို့လည်း
ရုပ်ရှင်အစည်းအရုံးက ဖုန်းဆက်တယ်။ သမ္မတရုံးကနေ ဆင်ဆာနဲ့ ပတ်သက်လို့
စာတစ်စောင်ပေးပို့ လာတယ်ဆိုပြီးတော့ ဆက်လာတာ။ အဲဒါနဲ့ ရုပ်ရှင်အစည်းအရုံး
အတွင်းရေးမှူး ဦးဝင်းကြည်ကို မေးတော့လည်း ပြန်ကြားရေးကို သမ္မတရုံးက
စာတစ်စောင် ပို့ထားတယ်။ ဆင်ဆာတွေနဲ့ ပတ်သက်ပြီးတော့ ဆိုပြီးတော့ပဲ ပြောတယ်။
မရှင်းတာ တစ်ခုက အစည်းအရုံးနဲ့ လောကသားတွေ ကြားမှာပဲ နားလည်မှု လွဲတာလား။
သက်ဆိုင်တဲ့ သူတွေပဲ သိလိမ့်မယ်။ အစ်ကိုတို့ကတော့ ကျိန်းသေတယ်။ အဲဒီလို
ဖုန်းဆက်ခံခဲ့ရတာ။ ဒါကြောင့် အဲဒီနေ့ အစည်းအဝေးမှာ အဲဒီလောက်ကြီးအထိ
ဖြစ်သွားတာ'' ဟု ဒါရိုက်တာဝိုင်းက ဆက်လက် ပြောကြားသည်။
''ကန့်ကွက်မယ် ဆိုတဲ့စကား၊ အကြောင်းအရာကို အဲဒီနေ့မှာ ဆွေးနွေးတာ
မှန်ပါတယ်။ ဒါပေမဲ့ အားလုံးပြီးသွားတော့ အစည်းအဝေး ဆုံးဖြတ်ချက်မှာတော့
ထပ်ချတယ်။ ဒီတော့ ကန့်ကွက်မယ်ဆိုတာ ဆွေးနွေးချက် တစ်ခုလို့ပဲ ပြောချင်တာ။
ဆန္ဒထုတ်ဖော်မယ် ဆိုတာမျိုးတွေတော့ ကိုဝိုင်းတို့ ပြောတာတွေ ရှိတယ်။
ဆင်ဆာမူဝါဒတွေ နောက်ပြန်လှည့်သွားရင် ဆန္ဒထုတ်ဖော်မယ်ပေါ့။
သတင်းခေါင်းစဉ်မှာက သမ္မတရုံးကို သွားကန့်ကွက်မယ် ဆိုတာကြီး ဖြစ်နေတယ်။
သမ္မတရုံး ဆိုတာက ကျွန်တော်ပြောတဲ့ အထဲမှာ မပါဘူး။ ဒီပြင်လူတွေ
ပြောတဲ့အထဲမှာတော့ ပါကောင်းပါသွား နိုင်ပါတယ်။ အဲဒီနေ့ အစည်းအဝေးမှာ
ကန့်ကွက်မယ် ဆိုတာကို ဆွေးနွေးခဲ့ကြတယ်။ ဒါပေမဲ့ အစည်းအဝေး
ဆုံးဖြတ်ချက်ကတော့ အဲဒီလို မဟုတ်ဘူးပေါ့'' ဟု မြန်မာနိုင်ငံ
ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းက သြဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ပြန်ကြားရေး ၀န်ကြီးဌာနမှ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ထံသို့
ပေးပို့ခဲ့သည့် အကြောင်းကြားစာ၌ ပါဝင်သော သတင်းဆောင်းပါးသည်
အချက်အလက်အမှန်၊ သတင်း Sources အမှန်များဖြင့် ရေးသားဖော်ပြခဲ့ခြင်း
ဖြစ်ကြောင်း The Daily Eleven ၏ ဒုတိယအယ်ဒီတာချုပ် ဦးမြတ်သစ်က
ပြောကြားသည်။
''သမ္မတက မကြာသေးမီကပဲ စာနယ်ဇင်း ကောင်စီကို ငွေသိန်း ၅၀၀
လှူဒါန်းထားတယ်။ စာနယ်ဇင်း ကောင်စီကို လက်ကိုင်တုတ်လို သဘောထားပြီး
ကျွန်တော်တို့ကို ဖိအားလာပေးတယ်။ စာနယ်ဇင်း ကောင်စီရဲ့ လက်ရှိငွေယူထားတဲ့
အနေအထားအရ သူတို့က တစ်ဆင့်လာတဲ့ အစိုးရရဲ့ ၀င်ရောက် ဖိအားပေးမှုကို
လုံးဝလက်မခံ နိုင်ပါဘူး။ အစိုးရ (ပြန်ကြားရေး ၀န်ကြီးဌာန) ရဲ့ သတင်းမီဒီယာ
တွေအပေါ် စေတနာ အရမ်းကို ဆိုးရွားပါတယ်။ ကျွန်တော်တို့ သတင်းဆောင်းပါးမှာ
သတင်းအချက်အလက်တွေ မှန်တယ်။ ပြောတဲ့ သတင်း Sources တွေ မှန်တယ်။ သက်သေ
အထောက်အထားတွေ ရှိတယ်။ ဒါကြောင့် ဘယ်ဖိအားပေးမှုမဆို ရင်ဆိုင်သွားဖို့
အသင့်ရှိတယ်'' ဟု ဦးမြတ်သစ်က ပြောကြားခဲ့သည်။
Post a Comment