Wednesday, December 10, 2014

မန်ယူရှယ်ယာ သုံးသန်းခန့် အက်ဒ်ဝါးဒ်ဂလေဇာ ဈေးကွက်တင်




အမေရိကန် သန်းကြွယ်သူဌေး မယ်လ်ကွန်ဂလေဇာ၏ သားတစ်ဦးဖြစ်သူ အက်ဒ်ဝါးဒ် ဂလေဇာသည် ၎င်းပိုင်ဆိုင်ထားသည့် ရှယ်ယာများအနက်မှ ရှယ်ယာ သုံးသန်းခန့်ကို ရောင်းချရန် ဈေးကွက် တင်လိုက်ပြီ ဖြစ်ကြောင်း Daily Star ကဖော်ပြထားသည်။

မယ်လ်ကွန် ဂလေဇာသည် ၎င်းပိုင်ဆိုင်ခဲ့သည့် မန်ယူရှယ်ယာများကို မကွယ်လွန်မီတွင် သားခြောက်ဦးကို အညီအမျှ ခွဲဝေပေးခဲ့ကာ ဖခင်ဖြစ်သူ ကွယ်လွန်အပြီး ခြောက်လကျော် အကြာတွင် အက်ဒ်ဝါးဒ် ဂလေဇာက ရှယ်ယာများကို ရောင်းထုတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

နယူးယောက် စတော့ခ်အိတ်ချိန်းထံသို့ ရောက်လာခဲ့သော ယခုရှယ်ယာများသည် အေအဆင့်စာရင်းဝင် ရှယ်ယာများဖြစ်ကာ ယင်းရှယ်ယာ သုံးသန်းအတွက် ဈေးကွက် တန်ကြေးကို အမေရိကန်ဒေါ်လာ ၄၅ သန်းဟု နယူးယောက် အိတ်ချိန်းက သတ်မှတ်ပေးထားသည်။

အက်ဒ်ဝါးဒ် ဂလေဇာသည် မန်ယူရှယ်ယာများ အားလုံး၏ ဆယ်ရာခိုင်နှုန်းခန့်ကို ရောင်းထုတ်လိုက်ခြင်းဖြစ်ကာ ယခုဖြစ်စဉ်မှာ ဂလေဇာ မိသားစုကို အစဉ်တစိုက် ဆန့်ကျင်ခဲ့ကြသော မန်ယူ ပရိသတ်များအတွက် အသင်းရှယ်ယာ အချို့ကို ပြန်လည် ထိန်းသိမ်းရန် အခွင့်အရေးလမ်းစ ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။

မန်ယူသည် ၂၀၀၅ ခုနှစ်မတိုင်မီအထိ အများပိုင် ကုမ္ပဏီတစ်ခု အနေနှင့် ရပ်တည်ခဲ့ခြင်းဖြစ်ကာ မယ်လ်ကွန် ဂလေဇာ၏ သားများအနေနှင့် ရှယ်ယာ ရောင်းထုတ်မှုကို ဆက်တိုက် လုပ်ဆောင်လာဖွယ် ရှိနိုင်သည်ဟု မန်ယူအသင်း၏ အမာခံ ပရိသတ်များ အင်အားစုက မျှော်လင့် ယူဆထားသေးသည်။

မယ်လ်ကွန် ဂလေဇာ၏ သားများထံတွင် မန်ယူနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ရှိနေပြီဖြစ်ကာ နည်းပြဖာဂူဆန် မရှိတော့သည့်နောက်၌ မန်ယူမှာ ယခင်ကကဲ့သို့ အောင်မြင်မှုများ နှစ်စဉ် ရနိုင်ရန် မလွယ်တော့ဟု ဂလေဇာ၏ သားအချို့က ယူဆထားကြသည်။

ဂလေဇာ၏ သားအချို့သည် နည်းပြ ဖာဂူဆန်အလွန် ၂ နှစ်တာ ကာလအတွင်း ကစားသမားသစ်များ ခေါ်ယူရန်အတွက် ငွေကြေး အလုံးအရင်းနှင့် သုံးစွဲနေရသည်ကိုလည်း သဘောမတွေ့နိုင် ဖြစ်နေကြလျက် ရှိသည်။

Credit#TheVoiceMyanmar

No comments:

Post a Comment