လှေအိမ်ပေါ်က ဆလုံမိသားစုတစ်စုကို တွေ့ရစဉ်/ဓာတ်ပုံ−စိုးအောင်
သက်တော်ရှည်နည်းပြ ဖာဂူဆန် ထွက်ခွာသွားပြီးနောက်ပိုင်း ရလဒ်ဆက်တိုက်ဆိုးရွားနေခဲ့သည့် မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်း၏ အခြေအနေကို အားမလိုအားမရဖြစ်သူများထဲတွင် ကမ္ဘာတစ်ဝန်းမှ ယူနိုက်တက်ပရိသတ် သန်း ၇၀ ကျော်နှင့်အတူ မြန်မာနိုင်ငံတောင်ဘက်ဖျားမှ ဆလုံတိုင်းရင်းသားအချို့လည်း ပါဝင်ခဲ့သည်။
‘‘ဒီရွာမှာရှိတဲ့ ဆလုံတော်တော်များများက မန်ယူပရိသတ်တွေ’’
ဆလုံ(မော်ကင်း) နှစ်ရာခန့်နေထိုင်သည့် ပရောဝါးကျေးရွာမှ အသက်(၃၅)နှစ်အရွယ် ရွာသားတစ်ဦးကဆိုသည်။
တစ်ချိန်က လူ့အသိုင်းအ၀ိုင်းနှင့် သီးခြားခွဲထွက်နေထိုင်ခဲ့ပြီး ပင်လယ်ပြင်တွင် လှည့်ပတ်သွားလာနေထိုင်ခဲ့ကြသည့် ဆလုံတိုင်းရင်းသားများ၏ လူနေမှုဘ၀သည် ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ ထိုအပြောင်းအလဲများက ကိုယ်ပိုင်ဓလေ့ထုံးတမ်းများကိုသာ နှစ်ရာထောင်ချီ ကျင့်သုံးခဲ့သည့် သူတို့၏ သီးသန့်လူမှုအဖွဲ့အစည်းအပေါ် အကောင်းနှင့်အဆိုး ဒွန်တွဲသက်ရောက်လျက်ရှိသည်။
တစ်နေ့တာ၏ အချိန်အများစုကို ပင်လယ်ပြင်တွင် လှည့်ပတ်သွားလာခြင်းဖြင့် ကုန်ဆုံးလေ့ရှိသဖြင့် ဆလုံတို့ကို အနောက်တိုင်းသားများက Sea Gypsy (သို့မဟုတ်) Men of the Sea ဟု တင်စားကြသည်။ မြန်မာအစိုးရ၏ တရားဝင်သတ်မှတ်ချက်အရ ဆလုံတို့ကို အခြားလူမျိုးစုရှစ်မျိုးနှင့်အတူ ဗမာလူမျိုးထဲတွင် ထည့်သွင်းသတ်မှတ်ထားခဲ့သည်။
သို့သော်လည်း မြန်မာ့တောင်ဘက်ဖျားမှ ပင်လယ်ပျော်များက သူတို့အား ဆလုံဟုခေါ်ခြင်းထက် မော်ကင်းဟုခေါ်သည်ကို ပိုမိုနှစ်သက်ကြသည်။ ဒေသအလိုက် ၎င်းတို့အား မိုကန်၊ မော်ကယ်၊ မိုကင်စသည်ဖြင့်လည်း ခေါ်ကြသည်။
ဆလုံ(ခေါ်) မော်ကင်းတို့သည် မြန်မာနိုင်ငံတောင်ဘက်စွန်း တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ကျွန်းများတွင် တစ်ကျွန်းမှ အခြားတစ်ကျွန်းဆီသို့ လှေငယ်များဖြင့် အစဉ်အဆက် သွားလာနေထိုင်ခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှ ခြောက်နာရီခန့်ကြာ စက်လှေဖြင့်သွားရသည့် ဒုံးပုလဲအော် (ဒုံးကျွန်း)သည်လည်း ဆလုံ (မော်ကင်း)တို့နေထိုင်ရာ ကျွန်းစုများအနက်တစ်ခုဖြစ်သည်။ ယခင်က သီးခြားမျိုးနွယ်စုများနှင့် တွေ့ဆုံတိုင်း ရှောင်ထွက်သွားလေ့ရှိသည့် ဆလုံ (မော်ကင်း)များသည် ဒုံးပုလဲအော်တွင်တော့ ကရင်၊ ဗမာ စသည့် သီးခြားမျိုးနွယ်စုများနှင့် အတူနေထိုင်ကြပြီး ခေတ်မီအသုံးအဆောင်များနှင့်လည်း လက်လှမ်းမီနေကြပြီဖြစ်သည်။
အသက်(၆၃)နှစ်အရွယ်ရှိပြီဖြစ်သည့် နော်ဖိုးလေသည် ဒုံးပုလဲအော်တွင် လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာကတည်းက အခြေချနေထိုင်ခဲ့ပြီး ဆလုံ(မော်ကင်း)တို့ လူနေမှုဘ၀ မြှင့်တင်ရေးအတွက် အစဉ်တစိုက် ဆောင်ရွက်နေသူဖြစ်သည်။
ကရင်နှင့် ဆလုံ (မော်ကင်း) မိဘနှစ်ပါးမှ မွေးဖွားခဲ့သည့် ဆရာမနော်ဖိုးလေ၏ အဆိုအရ ဆလုံ(မော်ကင်း)တို့၏ လူနေမှုပုံစံသည် ပိုမိုခေတ်မီလာခဲ့ပြီး ခေတ်ပညာများလည်း သင်ကြားလာခဲ့ကြသည်ဟု ဆိုသည်။
‘‘မော်ကင်းတွေက လွတ်လပ်တာကြိုက်တယ်။ သူတို့ကို စည်းကမ်းအရမ်းတင်းကျပ်လိုက်ရင် ကျောင်းမတက်တော့ဘူး။ တော်တော်စည်းရုံးယူရတယ်’’ဟု ဆရာမနော်ဖိုးလေကပြောသည်။
ဆလုံ(မော်ကင်း)တို့အား ခေတ်ပညာသင်ယူရန်နှင့် ခေတ်သစ်လူမှုအဖွဲ့အစည်းနှင့် ရင်းနှီးမှုရှိစေရန် ရန်ကုန်တက္ကသိုလ်သမိုင်းဌာနမှ ဆရာမကြီးနော်စေးဘေက ၁၉၇၀ ပြည့်နှစ်ကာလများကတည်းက စတင်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ယခုတော့ ပညာတတ်ဘွဲ့ရ ဆလုံ(မော်ကင်း)များပင် မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ သို့သော်လည်း ပင်လယ်တွင်သာပျော်သည့် သူတို့၏ဓလေ့ကတော့ ပြောင်းလဲမှုမရှိဟုဆိုသည်။
‘‘ပညာဘယ်လောက်ပဲတတ်တတ် မပြောင်းလဲဘူး။ ဘွဲ့ရလည်း ပင်လယ်ပဲ ပြန်ဆင်းတယ်။ သံယောဇဉ်က ပင်လယ်မှာပဲတွယ်တယ်’’ဟု ဆရာမနော်ဖိုးလေကပြောသည်။
ဆလုံ(မော်ကင်း)များသည် လူ့အသိုင်းအ၀ိုင်းနှင့်ကင်းကွာပြီး သီးသန့်နေသည်ဟုဆိုသော်လည်း ပုံပြင်များ၊ ယုံတမ်းစကားများထဲကလို အရိုင်းအစိုင်းများတော့မဟုတ်။
စာဖြင့်ရေးသားပြဋ္ဌာန်းထားခြင်း မရှိသော်လည်း ဆလုံ (မော်ကင်း) လူ့အဖွဲ့အစည်းတွင် လိုက်နာကြသည့် စည်းမျဉ်းစည်းကမ်းများက စနစ်တကျရှိလှသည်။
ဒေသခံများ၏အဆိုအရ ဆလုံ (မော်ကင်း)များသည် သူတစ်ပါးပစ္စည်း ခိုးယူခြင်းကို ရှောင်ကြဉ်ကြသည်ဟု ဆိုသည်။

ဆလုံကျေးရွာတစ်ရွာကို တွေ့ရစဉ်/ဓာတ်ပုံ−ထွန်းခိုင်
ဆလုံ(မော်ကင်း)များ အဓိကနေထိုင်ရာ မြိတ်၊ ကော့သောင်း ဒေသတစ်ဝိုက်မှ ဆလုံ (မော်ကင်း) မဟုတ်သည့် ဒေသခံ အခြားလူမျိုးများ ၁၂ ဦးခန့်အား မေးမြန်းကြည့်ရာတွင် သူများပစ္စည်းခိုးဝှက်သည့် ဆလုံ (မော်ကင်း)ဟူ၍ တစ်ခါမျှ မကြားဖူးဟုဆိုသည်။
ဆလုံ (မော်ကင်း) အိမ်များတွင် သော့မရှိ။ တံခါးချက်မရှိ။ လူမရှိသောအိမ်များတွင် အိမ်ပေါ်တက်သည့် လှေကားကို အိမ်နှင့်ခွာထားလိုက်ခြင်းဖြင့် အိမ်ရှင်မရှိကြောင်း သင်္ကေတပြကြသည်။
ဘယ်အရာမျှမခိုးယူဟု ပြောကြသော်လည်း သူတို့ ခိုးယူတတ်သည့် အရာတစ်ခုတော့ ရှိသည်။ ထိုသည်က မိဘသဘောမတူသည့်ချစ်သူကို ခိုးယူခြင်းဖြစ်သည်။
ငွေကိုသာ အဆင်တန်ဆာအဖြစ် မြတ်မြတ်နိုးနိုး ၀တ်ဆင်ကြသည့် ဆလုံ (မော်ကင်း)တို့၏ လက်ထပ်မင်္ဂလာပွဲတွင် သတို့သားလောင်းက သတို့သမီး၏ မိဘများဆီသွားရောက်ပြီး ငွေအဆင်တန်ဆာများဖြင့် တင်တောင်းလေ့ရှိသည်။ ချစ်သူနှစ်ဦး လက်ထပ်ပွဲအတွက် သတို့သမီးမိဘများ ငြင်းပယ်ခဲ့ပါက ခိုးရာလိုက်ပြေးကြတော့သည်။
မိဘများသဘောမတူသည့် ချစ်သူနှစ်ဦး ထွက်ပြေးကြသည်ဟု ဆိုသော်လည်း ရာနှင့်ချီပြီး ရှိနေသည့် ကျွန်းများ၊ မိုင်ပေါင်းထောင် ချီကျယ်ပြောလှသည့် ပင်လယ်ပြင်များဘက်သို့တော့မဟုတ်။ သတို့သမီးမိဘများနေထိုင်ရာ လှေငယ်အနီးတွင် ဆိုက်ကပ်ထားသည့် သတို့သား၏လှေပေါ်သို့သာဖြစ်သည်။
ဆလုံ (မော်ကင်း)များနှင့် ပတ်သက်၍ လူအများစိတ်ဝင်စားသည့် ဓလေ့တစ်ခုလည်း ရှိခဲ့သည်။ မွေးကင်းစသားသမီးများအပေါ် ဆလုံ (မော်ကင်း)တို့၏ ပြုမူပုံဖြစ်သည်။ ဒဏ္ဍာရီဇာတ်လမ်းများက ဆလုံ (မော်ကင်း)တို့သည် မွေးကင်းစကလေးငယ်ကို ရေထဲပစ်ချပြီး ပြန်ပေါ်လာမှ သားသမီးအဖြစ် ပြုစုစောင့်ရှောက်သည်ဟုဆိုသည်။
ဆလုံ (မော်ကင်း) စကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်ပြီး သူတို့နှင့် နှစ်ပေါင်းများစွာ အတူတကွနေထိုင်လာ သူများကတော့ ထိုအချက်ကို ငြင်းဆိုကြသည်။
‘‘ကြားဖူးကြတော့ လာတဲ့လူတိုင်း အမြဲတမ်းမေးတယ်။ ကျွန်မလည်း သူတို့ (ဆလုံ-မော်ကင်း)တွေကို မေးကြည့်တယ်။ ဒါပေမဲ့ မဟုတ်ဘူး’’ဟု ဆရာမနော်ဖိုးလေကပြောသည်။
နောက်ထပ် ဆလုံ (မော်ကင်း)နှင့် ပတ်သက်သည့် ဒဏ္ဍာရီဇာတ်လမ်းတစ်ခုလည်းရှိသေးတယ်။ ထိုအရာက ဆလုံ (မော်ကင်း)များသည် ရေထဲတွင် အောက်ဆီဂျင်အကူအညီမပါဘဲ အချိန်အတော်ကြာ နေနိုင်သည်ဆိုသည့်အချက်ဖြစ်သည်။
ဆလုံ (မော်ကင်း)တို့၏ ရေငုပ်စွမ်းအင်နှင့် ပတ်သက်၍ ထင်ကြေးပေးပြောဆိုမှုများ ရှိသော်လည်း လက်တွေ့စမ်းသပ်ဖူးသူတစ်ယောက်၏အဆိုအရ ဒဏ္ဍာရီဇာတ်လမ်းများက ပြောသလောက်တော့ မစွမ်းဆောင်နိုင်ဟုဆိုသည်။
‘‘အသက်အောင့်ပြိုင်ပွဲအတွက် စမ်းကြည့်ဖူးတယ်။ သုံးမိနစ်၊ သုံးမိနစ်ခွဲအစွမ်းကုန်ပဲ။ ဒါပေမဲ့ ရေငုပ်တာကတော့ မြန်တယ်။ ရေအလံ ၂၀ ဆို ဗြုန်းခနဲငုပ်ပြီး ပြန်တက်လာတယ်။ သာမန်လူတွေ မလုပ်နိုင်ဘူး’’ဟု ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်းက စမ်းသပ်လေ့လာခဲ့သည့် ဒုံးပုလဲအော် (ဆလုံကုန်း)ကျေးရွာမှ ဦးစောလယ်မူကပြောသည်။
ပင်လယ်နှင့်ရေအကြောင်းတွင် ဆလုံ (မော်ကင်း)များက တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သူများဟု ဒေသခံများကဆိုသည်။ ၂၀၀၄ ခုနှစ် ဆူနာမီရေလှိုင်းအန္တရာယ် ကျရောက်ချိန်တုန်းက မည်သည့်ခေတ်မီသတိပေးမှုများမျှမရှိဘဲ ဆူနာမီအန္တရာယ်ကို ဆလုံ (မော်ကင်း)တို့ မိနစ်ပိုင်းစောကာသိရှိပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း ဒေသခံများကပြောသည်။
‘‘အဲဒီတုန်းက ရေအရောင်ပြောင်းလာတော့ သူတို့ဘာသာနဲ့ အော်ကြဟစ်ကြတယ်။ ပြီးတော့ အားလုံး တောင်ပေါ်တက်ပြေးကြတယ်။ နောက်ခဏနေတော့ ဝေါဝေါနဲ့ ဆူနာမီလှိုင်းတွေ ရောက်လာတာပဲ’’ဟု ဒုံးပုလဲအော်ကျေးရွာသားတစ်ဦးက ပြောသည်။
ယခင်က ဆလုံ (မော်ကင်း)တို့က သူတို့၏အိမ်ဖြစ်သည့် လှေများကို စိတ်ကြိုက်သစ်ပင်များ ရွေးချယ်ခုတ်လှဲကာ ကိုယ်တိုင်ထွင်းယူကြသည်။
‘‘သစ်တုံးယူလာတယ်။ အိမ်မှာထားသေးတယ်။ တစ်ညအိပ်တယ်။ အိပ်မက်မကောင်းရင် ဒီသစ်တုံးကို ဘာမှမလုပ်ဘူး’’ဟု ဆလုံ(မော်ကင်း)တစ်ဦးက ပြောသည်။
ယခုတော့ သစ်ထွင်းလှေများမှာ ရှားပါးသွားပြီး သာမန်လှေများကဲ့သို့ ပျဉ်ချပ်လှေများဖြင့်သာ သွားလာကြသည်။ အချို့ ဆလုံ(မော်ကင်း)များက ခေတ်မီစက်တပ်လှေများဖြင့် ခရီးသွားကြပြီဖြစ်သည်။

ဆလုံတိုင်းရင်းသားကလေးငယ်များ/ဓာတ်ပုံ−ထွန်းခိုင်
ဆလုံ (မော်ကင်း)များ၏ ဓလေ့ကို အကြီးအကျယ်ပြောင်းလဲစေသည့်အထဲတွင် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများကလည်း အဓိကကျခဲ့သည်။ အာရှအရှေ့ဖျားမှ ကိုရီးယားတို့၏ ကေပေါ့ပ်ယဉ်ကျေးမှုသည် ဆလုံ (မော်ကင်း) များအပေါ်တွင်လည်း သက်ရောက်မှုရှိခဲ့သည်။ ဆလုံ (မော်ကင်း) အချို့သည် ကိုရီးယားနှင့် မြန်မာဇာတ်ကားများ၏ အမာခံပရိသတ်များ ဖြစ်နေပြီဖြစ်သည်။
ယခင်က မျိုးနွယ်စုများအနက် အချို့သာ အ၀တ်အစားဆင်ယင်သည့်ဓလေ့ကို ဆလုံ (မော်ကင်း)တို့ စွန့်လွှတ်လိုက်ကြသည်။
‘‘ဗီဒီယိုကြည့်ပြီး သူတို့ အတုယူကြတယ်။ နောက်ပိုင်း အ၀တ်အစားအတွက် ပိုက်ဆံတော်တော်သုံးလာတယ်’’ဟု ဆလုံကုန်းမှ အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
သူတို့သည် အရာအားလုံးတော့ အပြစ်ကင်းစင်ကြသည်မဟုတ်။ ဆလုံ (မော်ကင်း) အတော်များများသည် မူးယစ်ဆေးဝါး၊ အရက်နှင့် ဖဲကစားခြင်းကို ခုံမင်ကြသူများဖြစ်သည်။
ထိုအချက်က စီးပွားရေးမုဆိုးများ၏ အသုံးချခံဘ၀အဖြစ် ဆလုံ (မော်ကင်း)များ မကြာခဏ ကျရောက်နေသည့် အချက်လည်း ဖြစ်သည်။
အရက်နှင့် မူးယစ်ဆေးဝါးကို နှစ်ပေါင်းများစွာ စွဲစွဲမြဲမြဲသုံးစွဲသည့် ဓလေ့ဆိုးကြောင့် ဆလုံ (မော်ကင်း) အမျိုးသားအများအပြားမှာ သက်တမ်းစေ့နေထိုင်နိုင်ခြင်းမရှိဘဲ မြန်မြန်စောစောပင် ကွယ်လွန်သည်က များသည်။
ဆလုံ (မော်ကင်း) တစ်ဦး ကွယ်လွန်ပြီးနောက် အသုဘအခမ်းအနား ကျင်းပသည့် ပုံစံသည်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက စတင်ပြီး သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ အသက်ရှင်သန်စဉ် အမိန့်ပေးစေခိုင်းမှုများ၊ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကို မနှစ်မြို့သည့် ဆလုံ (မော်ကင်း)များက သေဆုံးလျှင်လည်း မြေမြှုပ်သင်္ဂြိုဟ်ခြင်းကို မနှစ်မြို့ကြ။
လူမျိုးစုအနွယ်ဝင်တစ်ဦးသေဆုံးလျှင် ကျန်ရှိသည့် ရုပ်အလောင်းကို အသုံးအဆောင်ပစ္စည်းများနှင့်အတူ ကျွန်းစုပေါ်တွင် စင်ထိုးကာထားခဲ့ကြပြီး အလောင်းထားရှိရာနေရာမှ အစုလိုက်အပြုံလိုက် ထွက်ခွာသွားခဲ့ကြသည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ်များမှ စတင်ပြီး ယင်းဓလေ့ကို စွန့်လွှတ်ကာ မြေမြှုပ်သည့်အလေ့အကျင့် ကျင့်သုံးလာခဲ့ကြသည်။
ပြောင်းလဲလာသည့် ဓလေ့စရိုက်များနှင့် လိုက်လျောညီထွေနေကြသည့် ဆလုံ (မော်ကင်း)များရှိသလို လူမျိုးစုအမှတ်သင်္ကေတများ ပျောက်ကွယ်သည်ကို စိတ်ပျက်အားလျော့သွားကြသည့် ဆလုံ (မော်ကင်း)များလည်း ရှိကြသည်။
ထိုသူများက လူသူနှင့်ဝေးရာသို့ ထွက်ပြေးတိမ်းရှောင်ကြပြီး သူတို့၏ ရှေးလူမှုအဖွဲ့အစည်းများပုံစံအတိုင်း နေထိုင်ကြဆဲဖြစ်သည်။
ထိုအချက်က အိမ်နီးချင်းထိုင်းနိုင်ငံအတွက် အခွင့်အရေး ဖန်တီးပေးသကဲ့သို့ ဖြစ်လာခဲ့သည်။ ဒေသခံများ၏အဆိုအရ ဆလုံ (မော်ကင်း)များကို အကူအညီပေးရာတွင် မြန်မာအစိုးရထက် ထိုင်းအစိုးရက ပိုမိုစိတ်အားထက်သန်သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံတွင် ဆလုံ (မော်ကင်း)များ သီးသန့်နေထိုင်ရန် ကျွန်းစုများ စီစဉ်ပေးထားပြီး သူတို့၏လူနေမှုဘ၀ကို ကမ္ဘာလှည့်များအား ပြသကာ နိုင်ငံခြားဝင်ငွေ ရှာဖွေနေပြီဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၏ အဆိုအရ ၁၉၁၁ စာရင်းအရ မြန်မာ့ရေပြင်တွင် ဆလုံ (မော်ကင်း) ၅၀၀၀ ခန့်ရှိရာမှ ယခုနောက်ဆုံး ၂၀၁၀ ပြည့်နှစ်တွင် ကောက်ယူသောစာရင်းအရ ၃၄၀၀ ခန့်သာ ရှိတော့သည်ဟု ဆိုသည်။

အရေအတွက်မှာ တိုးမလာဘဲ တဖြည်းဖြည်း လျော့ကျသွားသလိုဖြစ်သည်။
ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ဆလုံ (မော်ကင်း)တို့၏ လူနေမှုဘ၀ အကြီးအကျယ်ပြောင်းလဲလာခဲ့ကြသည်။ နိုင်ငံခြားဘောလုံးအသင်းများနှင့် ကိုရီးယားဇာတ်လမ်းတွဲများကို အားပေးကြသည့် ဆလုံ (မော်ကင်း)များ ရှိလာသကဲ့သို့ မိရိုးဖလာနေထိုင်မှုကို ဆုပ်ကိုင်ထားလိုကြသူများလည်း ရှိနေဆဲဖြစ်သည်။
Credit-7daydaily
#ဂမုန်းပန်း မီဒီယာဂရု
No comments:
Post a Comment