လိမ်လည်မှုအပါအဝင် အခြားပုဒ်မများနှင့် ကျောက်တံတားမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရသော Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်ကို ဗိုလ်တထောင်မြို့မရဲစခန်းမှ လိမ်လည်မှုနှင့်သက်ဆိုင်သော ပုဒ်မများနှင့် ထပ်မံအမှုဖွင့်ထားကြောင်း ဒီဇင်ဘာ ၁၃ ရက်တွင် ဗိုလ်တထောင်မြို့မရဲစခန်းမှ သိရသည်။
Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် လက်ရှိတရားရင်ဆိုင်နေရသော ကျောက်တံတားမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်း အလယ်ဘလောက်၊ အမှတ် ၁၈၁/၁၈၇ မြေအကျယ် ၁ဝဝ_၆ဝ မြေပေါ်ရှိ အဆောက်အအုံတွင် ရခိုင်ပြည်နယ်နေ ဆောက်လုပ်ရေးလုပ်ငန်း ပိုင်ရှင်ဖြစ်သူ ဦး----မှ ကြိုပွိုင့်စနစ်ဖြင့် တိုက်ခန်းနှစ်ခန်းကို ကျပ်သိန်း ၃၄ဝဝ ဖြင့် Father Land ဆောက်လုပ်ရေးကုမ္ပဏီထံမှ ဝယ်ယူထားပြီး ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ဝယ်ယူထားသူထံ အခန်းအပ်ရန် သတ်မှတ်ထားခဲ့ကြောင်း သိရသည်။
သို့သော်FatherLand ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ဘက်မှ ယင်းတိုက်ခန်းကို အခြားသူတစ်ဦးထံသို့ရောင်းလိုက်ကြောင်းပြောကြားခဲ့သောကြောင့်တိုက်ခန်းဝယ်ယူထားသူဦး---မှ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်တွင် ဗိုလ်တထောင် မြို့မရဲစခန်းတွင် လာရောက်အမှုဖွင့်ခဲ့ကြောင်း သိရသည်။
“ရခိုင်ပြည်နယ်မှာနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်က အခုမြေပိုင်ရှင်နဲ့ပြဿနာဖြစ်ပြီး တရားရင်ဆိုင်နေရတဲ့မြေနေရာမှာ ကြိုပွိုင့်စနစ်နဲ့ဝယ်တယ်။ ဒါကိုကုမ္ပဏီဘက်ကသတ်မှတ်ထားတဲ့ရက်မှာ အခန်းမအပ်တဲ့အတွက် စာချုပ်စာတမ်းအထောက်အထားတွေနဲ့ ဝယ်သူကအမှုလာဖွင့်တော့ ကုမ္ပဏီပိုင်ရှင်ဦးကျော်မြင့်ကို လိမ်လည်မှုနဲ့ သက်ဆိုင်တဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ထားပါတယ်။ ခုထိတော့ ဦးကျော်မြင့်ဘက်ကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး” ဟု ဗိုလ်တထောင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကိုမြေပိုင်ရှင်ဖြစ်သူကလိမ်လည်မှုပုဒ်မအပါအဝင် အခြားပုဒ်မများဖြင့် ပထမဦးစွာတရားစွဲဆိုခဲ့ပြီး နိုဝင်ဘာ ၁ဝ ရက်တွင် ကျောက်တံတားမြို့နယ်တရားရုံးမှ ၎င်းအားဖမ်းဝရမ်းထုတ်ခဲ့၍ ဦးကျော်မြင့်ကိုယ်တိုင် ကျောက်တံတား ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။
Credit - ELEVEN
#ဂမုန်းပန်း Media
No comments:
Post a Comment