ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့်
ဝယ်ယူထားသည့် အဲရစ်ခ် လာမီလာ အနေဖြင့် အင်္ဂလိပ် စကား တစ်လုံးမှ
မတတ်ခြင်းကြောင့် ပြဿနာ ရှိနိုင်ကြောင်း တော့တင်ဟမ် ဟော့စပါး မန်နေဂျာ
အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က ဝန်ခံခဲ့သည်။
အသက်(၂၁)နှစ်ရှိ အာဂျင်တီးနား တိုက်စစ်မှူးကို စပါးက ရိုးမားအသင်းထံမှ ပေါင်စတာလင် သန်း(၃၀)ထိ ဈေးပေး ခေါ်ယူခဲ့သည်။ သို့သော်လည်း လာမီလာသည် အင်္ဂလိပ်စကား လုံးဝ မတတ်ရာ ဘောလုံး ကွင်းထဲတွင် အသင်းဖော်များနှင့် ချိတ်ဆက်မှု အပိုင်း၌ အားနည်းမှုများ ကြုံလာမည်ကို ဘိုအာ့စ်က စိုးရိမ်နေသည်။ လာမီလာသည် ရိုးမားတွင် (၂)ရာသီ ကစားစဉ်က ဘောလုံး ကစားခြင်းသည် ပြဿနာ မဟုတ်သော်လည်း ယဉ်ကျေးမှုနှင့် ဘာသာစကား အခက်အခဲများ ရှိခဲ့ကြောင်း ဖွင့်ဟဖူးသည်။ ယခုအခါတွင်မူ ၎င်းသည် ရေသစ်မြေသစ် လန်ဒန်မြို့သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ဘိုအာ့စ်က "လာမီလာ အနေနဲ့ အသင်းမှာ အံဝင်ဖို့ ပြဿနာ ရှိနိုင်ပါတယ်။ သူက
အင်္ဂလိပ်စကား တစ်လုံးမှကို မပြောတတ်တာပါ။ နောက်ပြီး သူကြုံဖူးသမျှနဲ့
လုံးဝကွဲပြားတဲ့ ယဉ်ကျေးမှု၊ စိတ်ဓာတ်ရေးရာ အခြေအနေတွေနဲ့ ထိတွေ့ရမှာ
ဖြစ်ပါတယ်။ သူ့အနေနဲ့ သေချာပေါက် အခက်အခဲတွေ ရှိမယ်ဆိုတာ ကျွန်တော်တို့
သိပါတယ်။ အချိန်တော့ ပေးရမှာပေါ့။ ဒါပေမဲ့ ဘယ်လောက်ထိ ကြာမယ် ဆိုတာကိုတော့
ကျွန်တော်တို့ မသိနိုင်သေးပါဘူး"ဟု မှတ်ချက်ပြု ပြောဆိုခဲ့သည်။
၎င်းက "လာမီလာရဲ့ ဘောလုံးစွမ်းရည်ကတော့ သံသယ ဝင်စရာ ဘာမှမရှိပါဘူး။ သူ့ရဲ့ ဖန်တီးမှုကောင်းတွေ၊ အရည်အသွေးကောင်းတွေက အသင်းကို ထောက်ကူနိုင်ပါလိမ့်မယ်။ သူဟာ တိုက်စစ်မှာ ဂိုးတွေရဖို့ အားထုတ်ပေးနိုင်မယ့် ပင်ကိုယ် ပါရမီ ပြည့်ဝသူမျိုးပါ။ လာမီလာဟာ တောင်ပံလူ စစ်စစ်မဟုတ်တဲ့ ဂိုးသွင်းစွမ်းရည် မြင့်တဲ့ တိုက်စစ်သမားပါ။ အလားအလာကောင်းတွေလည်း အများကြီး ရှိပါတယ်။ ဒါတွေကို လက်တွေ့ ထုတ်နုတ် အသုံးပြုဖို့ပဲ ကျွန်တော်တို့ အဓိက ကြိုးစားရမှာပါ"ဟုလည်း မှတ်ချက်ပြုသွားသည်။

No comments:
Post a Comment