လက်ရှိ အင်္ဂလန် အသင်းသည် မိမိတို့ထက် အားနည်းကြောင်း ယူကရိန်း လက်ရွေးစင် အနာတိုလီ တိုင်မိုရှက်ခ်က မှတ်ချက်ပြု ပြောကြားလိုက်သည်။
ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု အဆင့်တွင် အရေးကြီး ပွဲစဉ်အဖြစ် ရင်ဆိုင်ရမှု မတိုင်မီ ယူကရိန်း အသင်း၏ အဓိက ကွင်းလယ် ကစားသမားက ရွိုင်ဟော့ဂ်ဆန်၏ တပ်ဖွဲ့အပေါ် ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ အင်္ဂါနေ့တွင် အဆိုပါ နှစ်သင်းသည် ယူကရိန်းမြို့တော် ကိယက်ဗ်တွင် ရင်ဆိုင် ကစားရမည် ဖြစ်သည်။ အုပ်စု(H)၏ အရေး ပါလှသော ပွဲစဉ်တွင် အင်္ဂလန်သည် တိုက်စစ် အကျပ်အတည်းများ ဖြစ်ပေါ်နေပြီး အဓိက တိုက်စစ်မှူးများ ဖြစ်သည့် ဝိန်းရွန်နီ၊ ဒန်နီဝဲလ်ဘက်နှင့် ဒန်နီရယ်လ် စတားရစ်ဂ်ျတို့ အားလုံး ယင်းပွဲစဉ်ကို လွဲချော်ခဲ့သည်။

ပြီးခဲ့သည့် နွေရာသီက ဘိုင်ယန်မြူးနစ် အသင်းမှ ဇင်းနစ်စိန့်ပီတာစဘာ့ဂ်သို့
ပြောင်းရွှေ့ခဲ့သည့် တိုင်မိုရှက်ခ်သည် ယူကရိန်း တစ်သင်းလုံးတွင် ပြည်ပ ကလပ်
တစ်ခု၌ ကစားနေသည့် တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်သည်။ ၎င်းက "ယူကရိန်းမှာ
အင်္ဂလန်လို နာမည်ကြီး ကစားသမားတွေ မရှိဘူး။ ဒါပေမဲ့ အရည်အသွေး အရတော့
ကျွန်တော်တို့မှာ သိပ်ကောင်းတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတယ်။ အင်္ဂလန်မှာ
ဖရန့်ခ်လမ်းပတ်၊ ဝိန်းရွန်နီ၊ အက်ရှ်လေကိုးလ်နဲ့ စတီဗင်ဂျရတ်တို့လို တကယ့်
နာမည်ကြီးတွေ ရှိနေတယ်။ သူတို့ဟာ ကိုယ်စားပြု ကလပ် အသင်းနဲ့ အောင်မြင်မှုတွေ
အလီလီ ရယူဖူးတယ်။ ဒါပေမဲ့ ဘာတွေပဲ အကြောင်းပြချက် ပေးပေး နိုင်ငံ အတွက်ဆို
သူတို့ ဘာမှ မလုပ်ပေးနိုင်ဘူးလေ" ဟု လှောင်ပြောင်ခဲ့သည်။
၎င်းက "အင်္ဂလန်ဟာ ဥရောပမှာ လူသိများတဲ့ အသင်းတစ်ခု ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ယူကရိန်းက အများကြီး ပိုသာပါတယ်" ဟုလည်း ပြောကြားသွားသည်။

Post a Comment