
ထိုင်းအသင်းသည် ထိုပွဲတွင် ဗီယက်နမ်အပေါ် ခြေစွမ်းပိုင်း အသာမရခဲ့ပဲ ဗီယက်နမ် အသင်း၏ ဖိအားပေးမှုကို ပွဲချိန် တစ်လျှောက်လုံး ခုခံနေခဲ့ရသည်။ ဗီယက်နမ် တိုက်စစ်မှူးများ ဂိုးသွင်း မသေချာသောကြောင့်သာ ထိုင်းတို့ သက်သာရာ ရခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အနေအထားကို ထိုင်းအသင်း နည်းပြချုပ်က ၀န်ခံပြောကြားခဲ့ပြီး မိမိအသင်းတွင် ပြုပြင်စရာ များစွာရှိနေကြောင်း ဆိုခဲ့သည်။ "ကျွန်တော်တို့ ပြင်ဆင်ချိန် နည်းပါးခဲ့ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် မလုံလောက်ခဲ့ပါဘူး။ ဒါပေမဲ့ လေ့ကျင့်ခဲ့ရတဲ့ ကာလနဲ့ ယှဉ်ရင်တော့ မဆိုးပါဘူး။ ဆီးဂိမ်းစ်ပြိုင်ပွဲမှာလည်း ဒီထက် ပိုကောင်းလာဖို့ ရှိပြီး နောက်နှစ် အာဆီယံ ချန်ပီယံရှစ်မှာ ဆိုရင်တော့ ချန်ပီယံဆု မှန်းနိုင်လိမ့်မယ် ထင်ပါတယ်"ဟု ဂျတူပွန်က ပြောကြားခဲ့သည်။
အုပ်စုတွင်း အသင်းကောင်းများ ပါဝင်လျှက် ရှိသော်လည်း မည်သည့်အသင်း အုပ်စုမှ လွတ်နိုင်မည်ကို မိမိအနေဖြင့် မခန့်မှန်းနိုင်သေးကြောင်း ထိုင်းနည်းပြချုပ်က ဆိုခဲ့သည်။ "အုပ်စုအတွင်းမှာ အသင်းကောင်းတွေ အများကြီး ပါနေပါတယ်။ အသင်းတိုင်းက အုပ်စုက လွတ်နိုင်တဲ့ အခွင့်အရေးလည်း ရှိနေပါတယ်။ ဒါပေမဲ့ ခုချိန်မှာတော့ ဘယ်အသင်းတွေ တက်သွားနိုင်လဲ ဆိုတာကို ကျွန်တော် မပြောနိုင်သေးပါဘူး။ တစ်ခြား အသင်းတွေ ကစားတာကိုလည်း ကျွန်တော် မမြင်ရသေးဘူးလေ"ဟု ထိုင်းအသင်း နည်းပြချုပ်က ပြောကြားခဲ့သည်။ ထိုင်းအသင်းသည် လာမည့် စက်တင်ဘာ (၁၁)ရက်တွင် ဂျော်ဒန်အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
Post a Comment