အသင်းမန်နေဂျာ မန်နျူရယ် ပယ်လီဂရီနီ လက်အောက်တွင် ကစားရသည်ကို ပျော်ရွှင်လျက်ရှိကြောင်း မန်ချက်စတာစီးတီး ကွင်းလယ်ကစားသမား ဂျိမ်းစ်မီလ်နာက ပြောကြားလိုက်သည်။
အင်္ဂလန်လက်ရွေးစင် ကစားသမားသည် ရာသီအကြို ပွဲစဉ်များတွင် ခြေစွမ်းပြသနိုင်ခဲ့သော်လည်း ချီလီလူမျိုး မန်နေဂျာ၏ လက်အောက်တွင် ပရီးမီးယားလိဂ်၌ တစ်ပွဲမှ ပွဲထွက်ကစားရခဲ့ခြင်း မရှိသေးပေ။ သို့ရာတွင် မိမိအနေဖြင့် မကြာမီကာလအတွင်း မန်နေဂျာသစ်၏ လက်အောက်တွင် အခွင့်အရေးများ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း လိဒ်ယူနိုက်တက်နှင့် နယူးကာဆယ် ကွင်းလယ်ကစားသမားဟောင်းက ဖွင့်ဟခဲ့သည်။


“အသင်းဟာ ကောင်းမွန်တဲ့ ကစားသမားခေါ်ယူမှု အချို့ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကစားသမားသစ်တွေဟာ မန်နေဂျာနဲ့ အပြန်အလှန် နားလည်မှုရှိဖို့ အချိန်ယူရပါမယ်။ လက်ရှိမှာ တစ်ပတ်ကို တစ်ပွဲပဲ ကစားရသေးပေမယ့် တစ်ပတ်ကို နှစ်ပွဲ သုံးပွဲ ကစားရတဲ့အချိန် အခွင့်အရေးတွေ ရရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်” မီလ်နာက ဆိုခဲ့သည်။

ဆက်လက်ပြီး “ကစားသမားတိုင်းလိုလို အသင်းမှာ ပွဲထွက်ကစားချင်ကြတာပါ။ စီးတီးလို အသင်းကြီးမှာ ကစားခွင့်ရတဲ့အတွက် ကံကောင်းတယ်လို့ ဆိုရပါမယ်။ ဘာလို့လဲဆိုတော့ ဒီမှာက နေရာရဖို့အတွက် အပြင်းအထန်ပြိုင်ဆိုင်ရတယ်လေ။ ဒါကပဲ ကျွန်တော့်ကို ပိုကောင်းလာတဲ့ ကစားသမားတစ်ဦး ဖြစ်လာစေတာပေါ့” ဟု မီလ်နာက ပြောကြားခဲ့သည်။

Post a Comment

 
Top