မိမိ၏ ဒဏ်ရာ အတိတ်ဆိုးများကို နောက်ချန်ထားခဲ့ပြီး ဆန်းဒါးလန်းနှင့်အတူ ကစားသမားဘဝကို အသစ်တစ်ဖန် စတင်လိုကြောင်း ဖေဘီယို ဘော်ရီနီက ဖွင့်ဟ ပြောကြားလိုက်သည်။
အီတလီ တိုက်စစ်မှူး ဘော်ရီနီသည် လီဗာပူးလ် အသင်းကို မန်နေဂျာ ဘရန်ဒန်ရော့ဂျာ စတင်တာဝန်ယူစဉ် ပြီးခဲ့သည့် နွေရာသီက ပထမဆုံး ခေါ်ယူခဲ့သော ကစားသမားလည်း ဖြစ်သည်။ သို့သော်လည်း ၎င်း၏ ဒဏ်ရာပြဿနာများ ဖိစီးနှိပ်စက်မှုကြောင့် အန်းဖီးလ်တွင် ပေါ်ပေါ်လွင်လွင် ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်ခဲ့ရသည်။ ၎င်းသည် ပြီးခဲ့သည့် ရာသီအတွင်း ပြင်းထန်သော ဒဏ်ရာရရှိမှု (၃)ကြိမ် ကြုံခဲ့ရပြီးနောက် အရန်ကစားသမား အဖြစ်သာ အဓိက အချိန်ကုန်နေခဲ့သည်။
 
မြန်မာအွန်လိုင်းသတင်း  12.9.2013
------------------------------------------------------------
ယခုနွေရာသီတွင် လီဗာပူးလ်သည် လူစာရင်း အပြောင်းအလဲများ ပြုလုပ်ခဲ့သည့်နောက် ဘော်ရီနီကို ကစားသမားဘဝ ပြန်လည်တည်ဆောက်နိုင်ရန် ဆန်းဒါးလန်းထံ အငှားထွက်ခွာခွင့် ပေးခဲ့သည်။ ဘော်ရီနီက "ကျွန်တော် ပထမဆုံး အလေးပေး စဉ်းစားထားတာက ဆိုးဆိုးရွားရွား ဘာဒဏ်ရာမှ မရတဲ့ ဘောလုံးရာသီ တစ်ခုကို ဖြတ်သန်းဖို့ပါပဲ။ ကျွန်တော်ဟာ အသင်းတစ်သင်းမှာ ကာလတို ကစားရရင် ကောင်းမွန်တဲ့ ခြေစွမ်းမျိုး ရလေ့ရှိပါတယ်။ ဆွမ်ဆီးမှာ (၃)လ အငှားကစားတုန်းကရယ်၊ ဒဏ်ရာမရခင် ရိုးမားမှာ (၃)လကြာ ကစားတုန်းကရယ်မှာ အကောင်းဆုံး စွမ်းဆောင်ရည် ရှိခဲ့ဖူးတယ်။ အနည်းဆုံး (၆)လ၊ (၇)လလောက်တော့ ဒဏ်ရာမရဘဲ ဖြတ်သန်းဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ တစ်ရာသီလုံးပေါ့လေ"ဟု ဖွင့်ဟခဲ့သည်။

၎င်းက "ပြီးခဲ့တဲ့ ရာသီကတော့ ခက်ခဲ ကြမ်းတမ်းလွန်းပါတယ်။ အထူးသဖြင့် ဒဏ်ရာတွေက အရမ်းကို ဒုက္ခပေးခဲ့တယ်။ ကျွန်တော့်အတွက် ပြဿနာက ဒဏ်ရာတွေပါ။ လီဗာပူးလ်မှာ ကစားသမားသစ်တွေ ရောက်လာတာ မဟုတ်ပါဘူး။ ဘောလုံးလောကမှာ ငွေကြေးသုံးစွဲပြီး လူအင်အား ဖြည့်တင်းတာတွေက မဆန်းပါဘူး။ တကယ်တမ်း ကိုယ့်ကို နိမ့်ကျသွားစေတာက ဒဏ်ရာတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်ဟာ သမားရိုးကျထက် ပိုတဲ့ ဒဏ်ရာမျိုးတွေနဲ့ ခဏခဏ ကြုံဖူးပါတယ်။ ဒီရာသီမှာတော့ အဲဒီပြဿနာတွေကို ကျောခိုင်းခဲ့နိုင်ဖို့ မျှော်လင့်မိပါတယ်"ဟု ပြောဆိုသွားခဲ့သည်

Post a Comment

 
Top