
စားသောက်ကုန်ပေါင်းစုံ အတုပြုလုပ် ရောင်းချရာတွင် အသုံးပြုသည့် ပုံးခွံ၊
ပုလင်းခွံပေါင်း မြောက်မြားစွာကို ဖမ်းဆီးရမိခဲ့ကြောင်း တရားမ၀င်
ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ တာဝန်ရှိသူ အချို့ထံမှ
သတင်းရရှိသည်။
ပုလင်းခွံ၊ ပုံးခွံပေါင်း လက်ရှိတွင် သိန်းဂဏန်းနီးပါး အထိပင်
ဆက်တိုက်ဖမ်းဆီး ရမိထားကြောင်း၊ မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်စွာ
ဝယ်ယူစားသုံးနေသည့် ပုစွန်နှစ်ကောင်
(ထိုင်းနိုင်ငံထုတ်)စားသုံးဆီပုံးခွံပေါင်း များစွာလည်း ပါဝင်သည်ဟု
တာဝန်ရှိသူများက ပြောကြားသည်။
ပုလင်းခွံများထဲတွင် စားသောက်ကုန်မျိုးစုံ ပုလင်းခွံများ ပါဝင်ပြီး
အများဆုံး ပါဝင်သည့် ပုလင်းခွံများမှာ နိုင်ငံခြားဖြစ် အရက်ပုလင်းခွံများ
ဖြစ်ကြောင်းလည်း သိရသည်။
ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမှ ရန်ကုန်သို့ သယ်ယူလာခြင်းဖြစ်ပြီး
ထိုသို့ပုံးခွံ၊ ပုလင်းခွံများ သယ်ယူသည့်အထဲတွင် ငါးဖမ်းလှေများ၊
ကုန်တင်သင်္ဘောများအပြင် ကြယ်ငါးပွင့် သင်္ဘောများပါ ပါဝင်နေကြောင်း သိရသည်။
ပုစွန်နှစ်ကောင် ဆီပုံးခွံမှာ လက်ရှိအချိန်အထိ ဖမ်းဆီးရမိသော အရေအတွက်
အရပင် သောင်းဂဏန်းနီးပါး ရှိနေပြီး ပုလင်းခွံများမှာ သိန်းဂဏန်းနီးပါး
ရှိနေပြီ ဖြစ်သည်။
တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီတွင် အထူးစုံစမ်း
စစ်ဆေးရေး တာဝန်ရှိသူများလည်း ပါဝင်သည့်အတွက် ယခုဖမ်းမိသော
စားသောက်ကုန်ပုံးခွံ၊ ပုလင်းခွံများမှတစ်ဆင့် ထပ်မံစုံစမ်း
စစ်ဆေးခြင်းဖြင့် အတုပြုလုပ်သူများကို ဖမ်းဆီးရမိနိုင်ဖွယ် ရှိသည်ဟုလည်း
သိရသည်။
မြန်မာနိုင်ငံတွင် အရည်အသွေးနိမ့် စားသောက်ကုန် အတု၊ ဓာတုပစ္စည်း သုံးစွဲထားသည့် စားသောက်ကုန်များအား တွေ့ရှိသည်၊ စစ်ဆေးတွေ့ရှိသည်ဟူသော သတင်းများသာ ကြားသိရပြီး လူ့အသက်ပေါင်းများစွာဖြင့် သက်ဆိုင်သည့်အတွက် မည်သို့အရေးယူ လိုက်သည်ဟူသော သတင်းမှာ မရှိသလောက် နည်းပါး . . . . . |
ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး
ဗဟိုကော်မတီ တာဝန်ရှိသူ တစ်ဦးက "ထိုင်းနိုင်ငံဘက်က သယ်ကြတာ။
ပုစွန်နှစ်ကောင် ဆီပုံးခွံတွေ အများဆုံး မိတယ်။ ပုလင်းခွံထဲမှာ နိုင်ငံခြား
အရက်ပုလင်းခွံ အများဆုံး မိတယ်။ အကောက်ခွန်က ပြည်တွင်းသယ်ယူမှုဆိုပြီး
သင်္ဘောတင်ခွင့် ပေးထားတယ်။ ဥပမာ-ပြည်တွင်းကထုတ်တဲ့ Made In Myanmar ဆိုတဲ့
ပုံးခွံ၊ ပုလင်းခွံဆို ကျွန်တော်တို့ မဖမ်းပါဘူး။ ဒါက ပြည်တွင်းမှာလည်း
မထုတ်ဘူး။ စက်ရုံလည်း မရှိဘူး၊ နိုင်ငံခြားက ထုတ်တာကို ဒီလောက်ပမာဏ
အများကြီး သယ်လာတဲ့အတွက် ဖမ်းဆီးတာပါ။ ဒါတွေကို ပြန်သုံးစရာက
ဆီပြန်ထည့်ရောင်း၊ နိုင်ငံခြား အရက်အတု ပြန်ထည့်ရောင်းတဲ့ နေရာမှာ
သုံးဖို့များတယ်။ အဲဒီအတွက် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန
တာဝန်ရှိသူတွေကိုလည်း သီးခြားခေါ်ပြပါတယ်၊ သူတို့လည်း ခွင့်ပြုချက် မပေးဘူး။
ဒီလိုသူများနိုင်ငံက သုံးပြီးသား အဟောင်းတွေကိုလည်း တင်သွင်းခွင့်
မပေးထားဘူး။ အဲဒီအတွက် ဖမ်းဆီးရတာပါ" ပြောကြားသည်။
ယခုအခါ ဆက်လက်၍လည်း အတုပြုလုပ်နိုင်သည့် စားသောက်ကုန်ပုံးခွံ၊
ပုလင်းခွံများ သယ်ယူမှုအား ဖမ်းဆီးလျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိသည့်
စားသောက်ကုန်ပုံးခွံ၊ ပုလင်းခွံများအား မည်သူက၀ယ်ယူ၍ မည်သို့အသုံးပြုနေသည်
ဆိုခြင်းကို သိရှိရန် အတွက်လည်း ဆက်လက်စုံစမ်းမှု ပြုလုပ်နေသည်ဟု သိရသည်။
တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ တာဝန်ရှိသူ
တစ်ဦးကလည်း "ကျွန်တော်တို့ အဖွဲ့ထဲမှာ အထူးစုံစမ်း စစ်ဆေးရေးလည်း ပါတယ်။
ဒါကြောင့် ဒီပစ္စည်းတွေကို ဘယ်လိုသုံးနေတယ်ဆိုတဲ့ ပင်ရင်းအထိ သိရအောင်တော့
ဆက်လက်ဆောင်ရွက် နေပါတယ်။ အခုဖမ်းဆီး ရမိတာက ငါးဖမ်းလှေ တစ်စင်းဆိုရင်
ပုံးခွံ၊ ပုလင်းခွံ ရာထောင်ချီမိတာပါ။ ငါးဖမ်းလှေ၊ ကုန်တင်လှေတွေအပြင်
ကြယ်ငါးပွင့် သင်္ဘောတွေမှာပါ ဖမ်းဆီးရမိနေတာပါ" ဟု ပြောပြခဲ့သည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကင်ဆာအဖြစ်အများဆုံး နိုင်ငံများထဲတွင်
ဒုတိယနေရာ၌ ရှိနေပြီး အဓိကအားဖြင့် အစားအသောက်အတု၊ အန္တရာယ်မကင်းသော
အစားအသောက်နှင့် ဓာတုပစ္စည်းများ သုံးစွဲထားသည့် အစားအသောက်များကြောင့်
ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။
စားသုံးသူများ အနေဖြင့်မူ မိမိတို့ဝင်ငွေဖြင့် သင့်တင့်သည့်
စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူ စားသုံးနေရသည့် အခြေအနေဖြစ်ရာ အတုအစစ်
မခွဲခြားနိုင်ဘဲ အလျဉ်းသင့်သလိုသာ ၀ယ်ယူသုံးစွဲ နေကြရခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အရည်အသွေးနိမ့် စားသောက်ကုန် အတု၊ ဓာတုပစ္စည်း
သုံးစွဲထားသည့် စားသောက်ကုန်များအား တွေ့ရှိသည်၊ စစ်ဆေးတွေ့ရှိသည်ဟူသော
သတင်းများသာ ကြားသိရပြီး လူ့အသက်ပေါင်းများစွာဖြင့် သက်ဆိုင်သည့်အတွက်
မည်သို့အရေးယူ လိုက်သည်ဟူသော သတင်းမှာ မရှိသလောက် နည်းပါးကြောင်း၊
စစ်ဆေးသည့်အဖွဲ့က တစ်ဖွဲ့၊ အရေးယူသည့်အဖွဲ့က တစ်ဖွဲ့ ဖြစ်နေပြီး
စစ်ဆေးတွေ့ရှိသော်လည်း အရေးယူသည့်အဖွဲ့မှ အရေးမယူခြင်း၊ ပစ္စည်းတစ်ခုတွင်
ဓာတုပစ္စည်းများသုံးကြောင်း စစ်ဆေးတွေ့ရှိသည့်အခါ အဆိုပါတွေ့ရှိသည့်
ပစ္စည်းကိုသာ ဖျက်ဆီးပြီး အခြားဈေးကွက်အတွင်းမှ ပစ္စည်းအားလုံး
သိမ်းဆည်းအရေးယူမှု မရှိခြင်းမှာလည်း မဖြစ်သင့်တော့ဟု စားသုံးသူများက
ထောက်ပြခဲ့သည်။
Post a Comment