
အထွေထွေရောဂါကု ဆရာဝန်များ အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ
လုပ်ငန်းလမ်းညွှန်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ရေးဆွဲနေပြီး
ယခုနှစ်ကုန်တွင် ထွက်ရှိနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ အထွေထွေ ရောဂါကု ဆရာဝန်များအဖွဲ့မှ ဥက္ကဋ္ဌ
ဒေါက်တာတင်အေးက ဆိုသည်။
အဆိုပါ လုပ်ငန်းလမ်းညွှန်ကို ကျန်းမာရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ
ဆေးကောင်စီနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့
ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခင်က အထွေထွေရောဂါကု
ဆရာဝန်များနှင့် ပတ်သက်သည့် အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ
လုပ်ငန်းလမ်းညွှန် မရှိခဲ့ကြောင်းလည်း သိရသည်။
"Guideline ထွက်လာရင် ဥပမာ-ဆီးချို ကုထုံး၊ နှလုံးရောဂါကုထုံး စသဖြင့်
ဘယ်လိုကုရမယ် ဘယ်နည်းတွေနဲ့ ကုရမယ်ဆိုတာ ပါတယ်။ ဒီနည်းအတိုင်းပဲ ကုရမယ်။
တကယ်လို့ ကုတဲ့သူက ပြဿနာတစ်ခုခု ဖြစ်ခဲ့ရင်ဒီ Guideline အတိုင်း
ကုရဲ့လားဆိုတာ စစ်ဆေးပြီး ပြဿနာတွေကို ဖြေရှင်းနိုင်မယ်။
မူကြမ်းထွက်လာရင်လည်း တစ်နိုင်ငံလုံးကို ဖြန့်သွားမှာပါ" ဟု မြန်မာနိုင်ငံ
ဆရာဝန်အသင်း၊ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာတင်အေးက
ပြောကြားခဲ့သည်။
အဆိုပါမူကြမ်း ထွက်ရှိလာပါက အထွေထွေရောဂါကု ဆရာဝန်များကို
ယင်းမူကြမ်းနှင့် ပတ်သက်သည့် ပညာပေး သင်တန်းများလည်း ပေးသွားမည်ဖြစ်ပြီး
နောက်ပိုင်းတွင် အထွေထွေရောဂါကု ဆရာဝန်များအား လိုင်စင်သက်တမ်း တိုးပေးရာ၌
ယင်းမူကြမ်းတွင် ပါဝင်သည့် အချက်အလက်များကို လေ့လာဆန်းစစ်ပြီး မှန်ကန်စွာ
ဖြေဆိုနိုင်မှသာ လိုင်စင်သက်တမ်း တိုးပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
ထို့ပြင် အဆိုပါ Guideline တွင် ပါဝင်သည့် အချက်အလက်များသည် ဆရာဝန်များ၏
အရည်အသွေးပိုင်းဆိုင်ရာ ထိန်းသိမ်းမှု အပိုင်းတွင်သာမက အထွေထွေရောဂါကု
ဆရာဝန်များနှင့် ဆက်နွှယ်သည့် တရားရေး အရှုပ်အရှင်းများ
ရင်ဆိုင်ဖြေရှင်းရာတွင်လည်း အထောက်အကူ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အထွေထွေရောဂါကု ဆရာဝန်များ အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ
လုပ်ငန်းလမ်းညွှန်ကို လိုအပ်ချက်နှင့်အညီ ဖြည့်စွက်ပြင်ဆင်မှုများကို
အခါအားလျော်စွာ ပြုလုပ်သွားရန်လည်း စီစဉ်ထားကြောင်းနှင့် မြန်မာနိုင်ငံတွင်
အထွေထွေရောဂါကု ဆရာဝန်ပေါင်း ၁၀၀၀၀ ကျော် ရှိသည့်အနက် မြန်မာနိုင်ငံ
ဆရာဝန်အသင်း၊ အထွေထွေရောဂါကု ဆရာဝန်များ အဖွဲ့တွင် အသင်းဝင် ဆရာဝန်ပေါင်း
၆၀၀၀ ကျော်ရှိကြောင်း သိရသည်။
Post a Comment