ချယ်လ်ဆီး အသင်း၏ စုစည်း ကျစ်လစ်နေမှုကို အားရ ကျေနပ်မိကြောင်း အသင်းခေါင်းဆောင် ဂျွန်တယ်ရီက ဖွင့်ဟ ပြောကြားလိုက်သည်။
အင်္ဂလန် ဗဟိုနောက်ခံ ကစားသမားသည် ပြီးခဲ့သည့် ရာသီက ချယ်လ်ဆီးတွင် နေရာမရေမရာ ဖြစ်ခဲ့သော်လည်း မန်နေဂျာ ဟိုဆေး မော်ရင်ဟို လက်အောက်တွင်မူ အသင်း ခံစစ်ကြောင်း၏ အသည်းနှလုံး ဖြစ်လာသည်။ ချယ်လ်ဆီးသည် ပရီးမီးယားလိဂ်တွင် (၃)ပွဲ ကစားပြီးနောက် အရှုံးမရှိသေးသလို (၇)မှတ်ထိ ရရှိနေပြီး တယ်ရီက ယင်းအခြေအနေသည် မော်ရင်ဟို၏ ပုံဖော်မှုနှင့်အတူ စုစည်း ကျစ်လစ်စွာ ဖြစ်တည်လာခြင်းဟု ချီးကျူးပြောဆိုမှု ပြုလုပ်ခဲ့သည်။

"ခုဆို အသင်းဟာ ကျစ်လစ်ကြံ့ခိုင်ပြီး အတူတကွ တစ်သားတည်း ရှိနေပါပြီ။
မော်ရင်ဟိုက အသင်းအတွက် ဒါကို ဆောင်ယူလာခဲ့တယ်"ဟု တယ်ရီက Daily Mirrorသို့
ပြောဆိုခဲ့သည်။ ၎င်းက "ကျွန်တော်တို့နဲ့ ပတ်သက်ပြီး လူတွေက အထင်တကြီး
မရှိခဲ့တာတွေ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ခုချိန်မှာ ကျွန်တော်တို့ဟာ
အရမ်းကို ကျစ်လစ်စုစည်းတဲ့ အခြေအနေမျိုး ပြန်ရောက်ဖို့ ဦးတည်နေတာပါ။
တကယ့်ကို အားရစရာပါပဲ"ဟုလည်း ဆိုသည်။ တယ်ရီက မော်ရင်ဟိုသည်
ကစားသမားများအပေါ် ဩဇာသက်ရောက်မှု ကြီးမားစွာ စည်းရုံးတတ်သူဟုလည်း
ချီးကျူးခဲ့သည်။
"လူတစ်ယောက်ချင်းစီကို စီမံကိုင်တွယ်ပုံမှာ မော်ရင်ဟိုက အကောင်းဆုံးပါ။ လူတိုင်းက သူ့အတွက် ကစားပေးချင်ကြတယ်။ ဒါက သူ့ရဲ့ အရည်အသွေးကောင်းပါပဲ။ မော်ရင်ဟို အသင်းကို ပြန်ရောက်လာတာ ကျွန်တော်တို့ အားလုံး ပျော်ရွှင်ပါတယ်။ သူဟာ အိမ်ပြန်လာသလိုပါပဲ။ ကစားသမား အားလုံးလည်း ဒီလိုပဲ ခံစားရပါတယ်"ဟုလည်း ၎င်းက ပြောဆိုသွားသည်။

No comments:
Post a Comment