Friday, September 13, 2013

“တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း” ရေးဆွဲရေးနှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ၊ ပြည်ထောင်စုလွှတ်တော် နာယက တက်ရောက် အမှာစကားပြောကြား

 မြန်မာအွန်လိုင်းသတင်း  13.9.2013
------------------------------------------------------------------------------------
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း ရေးဆွဲ‌ေရးနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ဝင်း၊ ဇမ္ဗူသီရိအစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့ လွှတ် တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေချုပ်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လမ်းညွှန်အမှာစကားပြောကြားရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၂၀၀၈ အရ ပါတီစုံဒီမိုကရေစီ စနစ်နှင့် ဈေးကွက် စီးပွားရေးစနစ် တည်ဆောက်ပြီး နောက်ပိုင်းတွင် အာဏာကြီး ၃ ရပ်ဖြစ် သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး လုပ်ငန်းတာဝန်တို့ကို သီးခြားလွတ်လပ်စွာ တာဝန်ယူ၍ တတ်နိုင်သမျှဆောင်ရွက်ရမှာဖြစ်ပါ ကြောင်း၊ ဥပဒေပြုရေးကို ယခင်ကာလတွင် အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုအောက်၌ ဆောင်ရွက်ခဲ့ရပါကြောင်း၊ ယနေ့ကာလတွင် လွှတ်တော်များအနေဖြင့် ပြည်ထောင်စုအဆင့်နှင့်သက်ဆိုင်သော ဥပဒေများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေဇယား(၁)အရ ပြည်ထောင်စုလွှတ်တော်က ရေးဆွဲပြဋ္ဌာန်းပေးလျှက်ရှိပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေဇယား(၂)ပါ ကိစ္စရပ်များအား တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက ရေးဆွဲ ပြဋ္ဌာန်းလျှက် ရှိပါကြောင်း၊ နောင်အနာဂတ် မိမိတို့နိုင်ငံအတွက် ဖြစ်ပေါ်လာမည့် ဥပဒေများ အတွက် များစွာအထောက်အကူပြုမည်ဟုယူဆပါကြောင်း၊ ယနေ့တည်ဆဲဥပဒေနှင့်ပတ်သက်၍ ခေတ်စနစ်၊ ယခုကာလနှင်‌့မကိုက်ညီ၊ မလျှော်ညီတော့သည့်ဥပဒေများကို ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်တို့ကို မိမိတို့လွှတ်တော်ဥပဒေပြုရေးကပင် ဆောင်ရွက်ရန်တာဝန်ရှိပါကြောင်း၊ သို့ဖြစ်၍မိမိတို့လွှတ်တော်တွင် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေပြုရေးရာကိစ္စရပ်များကို မိမိတို့ ကြိုးစားပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူများ၏မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက် ဆိုသည့်ဆောင်ပုဒ် နှင့်အညီ ပြည်သူ့အသံများကို လွှတ်တော်ကိုယ်စားလှယ်များက တဆင့်ကြားရသည်ထက် ပြည်သူ များဆီက တိုက်ရိုက်ကြားသိဖို့လိုသည့်အတွက် လွှတ်တော်အစည်းအဝေးများရပ်နားသည့် အချိန်တွင် မိမိတို့ပြည်သူများထံ သွားရောက်ခဲ့ပါကြောင်း၊ နယ်ပယ်အသီးသီး၊ ဒေသအသီးသီးက ပြည်သူများ၊ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ ရှေ့နေများထံမှ သတင်း အချက်အလက်များကို ကြားသိခဲ့ရပါကြောင်း၊ တိုင်းနှင့်ပြည်နယ်ဒေသအသီးသီးတွင် ဥပဒေနှင့် ပတ်သက်ပြီး မညီမျှသောဥပဒေများရှိနိုင်သည် ဆိုသည့် သတင်းစကားကြားရသည့်အတွက် တိုင်းဒေသကြီးနှင်‌့ ပြည်နယ်များမှလွှတ်တော်ဥက္ကဋ္ဌများနှင့် ဥပဒေပညာရှင်များကိုဖိတ်ကြားပြီး ယနေ့အစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ခေတ်ကာလ အခြေအ နေနှင့် ကိုက်ညီမှု မရှိသောဥပဒေများအား ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းဖြင့် မိမိတို့နိုင်ငံအတွက် အကျိုးရှိလာမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးစီးပွားကို ဖြစ်ထွန်းစေ သော ဥပဒေများပြဋ္ဌာန်းပေးရန် မိမိတို့တွင်တာဝန်များ ကျရောက်နေပါကြောင်း၊ ဥပဒေပြုရေး ကိစ္စများတွင် အတွေ့အကြုံမရှိသောကြောင့် ကျွမ်းကျင်မှုမရှိ၍ လက်လျော့နေရမည့် အချိန် မဟုတ်ပါကြောင်း၊ မိမိတို့လုပ်ဖော် ကိုင်ဖက် များကလည်း တာဝန်ကျလာမည်ဆိုပါက မိမိတာဝန်ကျေအောင် ဆောင်ရွက်ရန်လိုပါကြောင်း၊ ဥပဒေပညာရှင်များမှလည်း ပူးပေါင်း ပါဝင်ပြီး  ဆောင်ရွက်သွားရန်လိုပါကြောင်း၊ ယနေ့ခေတ်တွင် အမိန့်အာဏာ နှင့် အုပ်ချုပ်သည့် ကာလမဟုတ်ဘဲ ဥပဒေဖြင့်အုပ်ချုပ်သည့်ကာလဖြစ်ပါကြောင်း၊ ပြည်သူများ၏ဆန္ဒကို ဦးစား ပေးရမည်ဖြစ်ပါကြောင်း၊ ဥပဒေပြုရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ အနေဖြင့်လည်း ပြည်သူများ၏ဆန္ဒ ကိုသာ ဦးစားပေးပြီးဆောင်ရွက်မည့် ရည်ရွယ်ချက်တူညီပါကြောင်း၊ ပြည်သူ့ ဆန္ဒနှင့်အညီ ပြည်သူလူထုအား အကျိုးပြုသည့်ဥပဒေပေါ်ပေါက်ပြီး အုပ်ချုပ်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍မိမိပါဝင်ရမည်‌့ အခန်းကဏ္ဍများတွင် စိတ်ကောင်း စေတနာဖြင့် ဆောင်ရွက်သွားကြ စေလိုကြောင်း ပြောကြားပါသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားရာတွင် နိုင်ငံတော်အား ယနေ့ကာလ၌ စနစ်သစ်နှင့် တည်ဆောက်နေချိန်တွင် ဥပဒေပြုရေးအခန်း ကဏ္ဍနှင့် အုပ်ချုပ်ရေးအခန်း ကဏ္ဍ များက တက်တက်ကြွကြွဆောင်ရွက်လျှက်ရှိကြပါကြောင်း၊ ဥပဒေချုပ်များအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးနှင်‌့ပြည်နယ်ဥပဒေပြုရေး ကိစ္စများတွင် တတ်နိုင်သမျှ အကြံပေး ပါဝင်ရေးဆွဲရမည် ဖြစ်ပါကြောင်း၊ တရားရုံးတစ်ရုံးနှင့် တစ်ရုံး ပြစ်ဒဏ်ချမှတ်ခြင်း ကွာခြားနေသည်ကိုတွေ့ရှိရပါကြောင်း၊ တရားဥပဒေ၏အောက်တွင် နိုင်ငံသားအားလုံး တန်းတူရည်တူရရှိခံစားရခြင်းသည် တရားဥပဒေစိုးမိုးရေး၏ အနှစ် သာရ ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများအားလုံး၏အကျိုးအတွက် မှန်မှန်ကန်ကန် စေတနာ ထားပြီး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားပါသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ယခင်အစည်းအဝေးများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လွှတ်တော်ဥက္ကဋ္ဌများနှင့် တိုင်းရင်းသားရေးရာဝန်ကြီး များမှ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးချက်များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက်  အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တက်ရောက်လာသည့် လွှတ်တော် ဥက္ကဋ္ဌ များနှင့် ဥပဒေချုပ်များက ဥပဒေကြမ်းရေးဆွဲရေးနှင့် စပ်လျဉ်း၍ လိုအပ်သည့်အချက်အလက်များ၊ ဆောင်ရွက်ရန်အစီအမံများနှင့် အကောင်အထည် ဖော်လုပ်ဆောင်ရန် လိုအပ်သည့်ကိစ္စရပ်များအပေါ် အသေးစိတ် ဆွေးနွေး တင်ပြကြသည်။ ၎င်းနောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိဂုံးချုပ်အမှာ စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)

No comments:

Post a Comment