တစ်နေ့ မိတ်ဆွေတစ်ဦး၏ အိမ်သို့အသွား သားရေးသမီးရေးနှင့်ပတ်သက်၍ ပူညံပူညံဖြစ်နေသည့် အသံဗလံကလေးတချို့ကို ကြားလိုက်ရပါသည်။ ပြဿနာက ည၊ ည မအိပ်သည့် ပြဿနာ။ ဟုတ်ပါသည်။ သူတို့ကလေးတွေ သန်းခေါင်သန်းလွဲအထိ ရုပ်မြင်သံကြားရှေ့မှာထိုင်ကြ၊ ကွန်ပျူတာရှေ့မှာ ထိုင်ကြ၊ စာကြည့်စားပွဲမှာ ထိုင်ကြနှင့် ညအခါ တော်တော်နှင့် အိပ်သည်မရှိကြဘဲ ကာလတော်တော်ကြီး ကျူးတော့မှအိပ်ရာထဲသို့ဝင်၊ မနက်လင်းတော့အိပ်ရာမှမထဘဲ နေ့တစ်ဝက်ကျိုးသည်အထိ နေမင်း၏ အလင်းရောင်အောက်၌ အိပ်စက်၍နေ စသည်စသည်ဖြင့် လူနှင့်အချိန်တို့ မတော်မတည့်ဖြစ်၍နေသည်ကို အလိုမကျဖြစ်ကာ အိမ်ရှင်မက မြည်တွန်တောက်တီးနေခြင်းပင်ဖြစ်ပါသည်။
ဟုတ်ပါသည်။ ကလေးတွေ အထူးသဖြင့် မြို့ပြက ကလေးတွေ အားလုံးလိုလို သည်တိုင်းပဲ ဖြစ်ပါသည်။ ညဥ့်နက်မှ အိပ်ရာဝင်၊ နေမြင့်မှ အိပ်ရာထ။ စာသင်ခန်းတွေထဲမှာ အိပ်ငိုက်နေသူ အိပ်ချင်မူးတူး ဖြစ်နေသူတွေက ဟိုနားမှာ တစ်ယောက်၊ သည်နားမှာတစ်ယောက်။ ဆရာ၊ဆရာမတို့ ငေါက်ကြငမ်းကြရသည်က အကြိမ်ကြိမ် အခါခါ။
ကျွန်တော့်စိတ်ထဲ အိပ်ခြင်း၊ မအိပ်ခြင်းနှင့် ပတ်သက်သည့် သတင်းအတိုအထွာတွေ၊ ဖတ်သမျှ မှတ်သမျှစာတွေက အကုန်လုံး စုပြုံတိုးဝင်၍ လာကြပါတော့သည်။
(နှစ်)
သက်ရှိသတ္တ၀ါမှန်လျှင် အိပ်စက်နားနေကြရန် လိုအပ်ကြစမြဲမို့ လူသည်လည်း အိပ်ဖို့ရာ လိုအပ်ပါသည်။
ဦးနှောက်ပိုင်းဆိုင်ရာ ပညာရှင်တို့က ဦးနှောက်ကို မောင်းနှင်သည့် လောင်စာကို ဂလိုင်ကိုဂျင် (Glycogen) ဟု ခေါ်ပါသည်။ လူတို့ နိုးထလာချိန်၌ ထိုဦးနှောက် လောင်စာဂလိုင်ကိုဂျင်တို့ ကုန်ဆုံးသွားကြစမြဲဟု ဆိုပါသည်။ ယင်းကို ပြန်လည်ဖြည့်တင်းရန် လူသည် အိပ်စက်ဖို့ လိုအပ်သည်ဟုလည်း ဆိုပါသည်။ ထိုသို့ အိပ်စက်ရာတွင်လည်း လူ၏ အသက်ဇီဝစွမ်းအင် မကုန်ဆုံးရလေအောင် အမှောင်ထဲ၌သာ အိပ်သင့်သည်ဟု အကြံပြုကြပါသည်။ ၂၄ နာရီတွင် တစ်ပတ်လည်နေသည့် ကမ္ဘာဂြိုဟ်ကြီး၏ နေ့များ၊ ညများ၊ အလင်းများ၊ အမှောင်များတို့သည် လူ၏ စိတ်ပိုင်းဆိုင်ရာ ဇီဝကမ္မစက်ဝန်းနှင့် ဆက်စပ်မှုရှိနေသဖြင့် လူတို့အမှောင်ထဲ၌သာ အိပ်သင့်ကြောင်းလည်း ထပ်ဆင့်အကြံပြုကြပါသေးသည်။ ဒါကို နေ့အလင်းရောင်အောက်မှာ အိပ်နေခြင်းသည် ထင်သလောက် အကျိုးမရှိဆိုသည့် သဘောပဲပေါ့။
ကမ္ဘာပေါ်၌ အကြွေးအမျိုးမျိုးရှိကြရာ အိပ်ခြင်း၌လည်း အကြွေးရှိသည်ဟု ဆိုပါသည်။ အင်္ဂလိပ်ဘာသာဖြင့် Sleep Debt တဲ့။ အမေရိကန်တို့သည် ရမ္မက်အမျိုးမျိုးနောက်သို့ လိုက်ကြရင်း အအိပ်ကြွေးများ တင်နေကြကြောင်း ဒေါက်တာဝီလျမ်ဒီမန် ဦးဆောင်သည့် အမေရိကန်စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်ထားခဲ့ဖူးပါသည်။
ကျွန်တော်တို့ဆီက မြို့ပြလူသား ကလေးတွေ လူကြီးတွေ ဘယ်နှယောက်များ အအိပ်ကြွေး တင်နေခဲ့ကြပါလိမ့်။
(သုံး)
ဗမာအစဟု ပညာရှင်တချို့ ယူဆခဲ့ကြရာ တကောင်းရာဇ၀င်ထဲတွင်ကား မောင်ပေါက်ကျိုင်းက မအိပ်မနေ အသက်ရှည်ဟူသည့်မူကို ကိုင်စွဲခဲ့သူဖြစ်ပါသည်။ မဟာရာမဇာတ်တော်ကြီး ၀တ္ထုထဲက ဒဿဂီရိ၏ ညီတော်အလတ် ဂုမ္ဘီကဏ္ဍကမူ တစ်ခါအိပ်လျှင် ၁၂ နှစ်ကြာမှ နိုးထရပါစေသားဟု ဆုတောင်းခဲ့လေသတဲ့။
ခေတ်သစ်ကမ္ဘာတွင်မူ ပိုလန်နိုင်ငံသား ဂျန်ဂါဇက်စကီက ထင်ရှားပါသည်။ သူက မီးရထား အလုပ်သမား။ ရထားလမ်းပေါ်၌ အလုပ်လုပ်နေစဉ် ကားရထားက သူ့ကိုဝင်တိုက်ရာ Coma ရောဂါဝင်ပြီး အိပ်ပျော်သွားခဲ့ပါသည်။ သူစပြီးအိပ်ပျော်တာက ၁၉၈၈။ သူပြန်လည်နိုးထလာတာက ၂၀၀၇ ခုနှစ် ဧပြီလ ၁၂ ရက်။ သြော်... အိပ်ပျော်နေလိုက်တာ အနှစ် ၂၀ နီးပါးကြီး။ ထိုပိုလန်နိုင်ငံသား ဂျန်ဂါဇက်စကီ အိပ်ပျော်နေခဲ့စဉ် ဆိုဗီယက်နှင့် အမေရိကန်ကြားက စစ်အေးတိုက်ပွဲကြီး ပြီးဆုံးသွားခဲ့ပါသည်။ ပိုလန်တွင်လည်း ကွန်မြူနစ်စနစ် ချုပ်ငြိမ်းသွားပါသည်။ ယခင် ခြောက်သွေ့နေသော ပိုလန်က အညွန့်တလူလူဖြစ်လို့တဲ့။ လက်ဖက်ခြောက်နှင့် ဗင်နီကာမျှသာ ရှိခဲ့ဖူးသော ပိုလန်ဈေးတွေထဲမှာ ပစ္စည်းမျိုးစုံပုံလို့တဲ့။ သူအိပ်ပျော်နေခဲ့ပုံ က ခပ်ကောင်းကောင်းဟုများ ဆိုရလေမလား မပြောတတ်။
ပင်ဆယ်ဗေးနီးယားကလာသော သတင်းကတော့ နီကိုးဒယ်လီယန်ဆိုသည့် ၁၇ နှစ်အရွယ် မိန်းမပျို၏ သတင်း။ သူက ၆၄ ရက်တိတိ အိပ်ပျော်နေခဲ့သူ။ ၂၀၁၂ ကျေးဇူးတော်နေ့က စတင်ကာ ၂၀၁၃ ဇန်န၀ါရီလထဲသို့ ရောက်သည်အထိ ၆၄ ရက်တိုင် တိုင် အိပ်ပျော်နေခဲ့ပါလေသတဲ့။ ဆေးပညာက Kleine-levin syndrome (သို့မဟုတ် Sleeping beauty syndorme ဟု ခေါ် သောရောဂါ။ ကမ္ဘာပေါ်၌ ထိုသို့ အိပ်စက်ခြင်းရောဂါဖြစ်သူ ၁၀၀၀ ခန့်ရှိသည်ဟု Daily Mail သတင်းစာက ဆိုပါသည်။
၁၉၉၉ ခု အောက်တိုဘာ ၂၁ မြန်မာ့အလင်းသတင်းစာ တစ်နေရာတွင်ကား အိပ်မပျော်သူတစ်ယောက်အကြောင်းကို ဖော်ပြထားခဲ့ဖူးပါသည်။ ငုယင်သီတူတဲ့။ ဗီယက်နမ်အမျိုးသမီးကြီး။ ပထမ အိမ်ထောင်က ငယ်ငယ်ကပင် အနိစ္စရောက်။ ၁၉၆၇ တွင်ကား ဓားပြအတိုက်ခံရ။ ထို့နောက် ဒုတိယအိမ်ထောင်ပြုရာ ထိုအိမ်ထောင်ကလည်း ထပ်မံကွယ်လွန်၍သွား။
သို့ဖြင့် နောက်ပိုင်း၌ စိတ်ငြိမ်ဆေးများသောက်လိုက်၊ တိုင်းရင်းဆေးများသောက်လိုက်နှင့် ၃၂ နှစ်တိုင်တိုင် အိပ်မပျော်ဘဲ ရှိခဲ့သည်ဟုဆိုရာ ကျွန်တော် အံ့သြသွားမိပါသည်။
(လေး)
ဘာပဲဖြစ်ဖြစ် လူဆိုသည်မှာ တကယ်အိပ်ဖို့တော့ လိုအပ်ပါသည်။ ဆေးပညာရှင်တို့က Rem sleep နှင့် Non Rem sleep တဲ့။ Rem sleep က မျက်လုံးမှိတ်ထားသော်လည်း တကယ်အိပ်မပျော်သည့် အိပ်ခြင်းမျိုး။ Non Rem sleep က စိတ်ရောလူရော နှစ်နှစ်ခြိုက်ခြိုက် အိပ်သည့်အအိပ်။ လူတို့ Non Rem sleep နှင့် အိပ်ဖို့ လိုပါသည်။
ဗြိတိသျှဝန်ကြီးချုပ် ၀င်စတန်ချာချီက ဒုတိယကမ္ဘာစစ်ကြီး အတွင်းမှာပင် နေ့ခင်းဘက်၌ တစ်ရေးမှေးသည်ဟု ဆိုပါသည်။ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ကလည်း နေ့လယ်နေ့ ခင်းမှာ နာရီဝက်လောက် အိပ်လေသတဲ့။ ပြင်သစ်စစ်ဗိုလ်ချုပ် နပိုလီယံ၊ သမ္မတဟောင်း ဂျွန်ကနေဒီ၊ လင်ဒန်ဂျွန်ဆင်စသူတို့ နေ့လယ်ခင်းမှာ ခဏအိပ်ကြမြဲတဲ့။
ဥရောပနိုင်ငံတချို့ကမူ သူတို့၏ ၀န်ထမ်းများ စွမ်းဆောင်ရည် တိုးတက်ရန် အလို့ငှာ နေ့ခင်း၌ ခေတ္တအိပ်စက်ခွင့်ပေးသည်ဟု ဆိုပါသည်။
မူကြိုကျောင်း တော်တော်များများကမူ ကလေးတို့ကို နေ့ခင်းဘက်၌ အိပ်စက်စေခြင်းဖြင့် အနားယူစေပါသည်။
သည်ဘက်ခေတ် ကျွန်တော်တို့နိုင်ငံ၌ လူများ၊ အထူးသဖြင့် မြို့ပြနေလူများ၊ ပို၍အထူးသဖြင့် ကျောင်းသား၊ ကျောင်းသူများ မအိပ်မနေ ရုန်းကန်ကြ၊ ကြိုးစားကြ၊ လုပ်လာသည်ကို တွေ့နိုင်ပါသည်။ သို့မဟုတ်လျှင်လည်း ရုပ်မြင်သံကြားကြောင့် ၊ ကွန်ပျူတာကြောင့်၊ အင်တာနက်ကြောင့် အအိပ်အနေ နည်းသူနည်း၊ နေ့နှင့်ညလွဲမှားကာ အိပ်စက်သူအိပ်စက်နှင့် ခန္ဓာဗေဒ နာရီခေါ် Biological clock တို့ အချိန်မမှန်ဖြစ်လာသည်ကို တွေ့နိုင်ပါသည်။
ပါးချောင် နားချောင်ကျ၊ မျက်တွင်းဟောက်ပက်၊ တသမ်းသမ်း တဝေေ၀၊ ငိုက်ငိုက်မျဉ်းမျဉ်း၊ အိပ်ချင်မူးတူးနှင့် လူတွေကို တွေ့နိုင်ပါသည်။ အအိပ်ကြွေးတွေ ဘယ်လောက်များ တင်နေသလဲ မသိ။
ပိုက်ဆံအကြွေးက လျော်ပစ်၍ရပါသည်။ အအိပ်ကြွေးက လျော်ပစ်၍မရပါ။ ပိုက်ဆံအကြွေးက လူ့အသက်ဇီဝကို ထိုးနှက်ပါ သည်။ ကြယ်ရောင် လရောင်အောက်မှာ အကြွေးကင်းကင်းနဲ့ အိပ်စက်နိုင်ကြပါစေသား။ ။

Post a Comment

 
Top