မလေးရှား ဘောလုံးအဖွဲ့ချုပ် (FAM) က ကြီးမှူးကျင်းပသည့် ၂၀၁၃ ခုနှစ် (၄၁) ကြိမ်မြောက် မာဒေးကားဖလား ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့် ပွဲစဉ်များကို စက်တင်ဘာ ၇ ရက်က ကွမ်တန်မြို့ရှိ Darulmakmur ကွင်းတွင် ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းနှင့် ထိုင်းပရီးမီးယားလိဂ် All Stars အသင်းတို့ တစ်ဂိုးစီ သရေကျခဲ့ပြီး အိမ်ရှင်မလေးရှား အသင်းမှာ ပွဲဦးထွက် နိုင်ပွဲစတင် ရရှိခဲ့သည်။
အိမ်ရှင်မလေးရှား အသင်းသည် စင်ကာပူအသင်းနှင့် စတင်ကစားခဲ့ရပြီး ဒုတိယပိုင်း အစတွင် သွင်းယူခဲ့သော တိုက်စစ်မှူး သာမေးလ်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ဒုတိယပိုင်းတွင် စင်ကာပူအသင်းမှ ကစားသမားတစ်ဦး အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီး မလေးရှားအသင်း ပယ်နယ်တီကန်ခွင့် ရရှိခဲ့သော်လည်း ဒုတိယဂိုးရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေ။
မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ အသင်းတို့ပွဲတွင် မြန်မာအသင်းမှာ ပုံစံကောင်း ပြသနိုင်ခဲ့ပြီး ပွဲဦးထွက် သရေတစ်မှတ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ကျော်ကိုကို၊ ကြည်လင်း၊ ကျော်ဇေယျာဝင်းနှင့် ဒေးဗစ်ဒန်းတို့၏ တိုက်စစ်တွဲလုံးမှာ ထိုင်းနောက်တန်းကို အခက်တွေ့အောင် လုပ်နိုင်ခဲ့ပြီး ပွဲအစတွင် မြန်မာခံစစ်ပိုင်း၏ အမှားအယွင်းများကြောင့်သာ ဂိုးပေးခဲ့ရခြင်း ဖြစ်သည်။ ခြောက်မိနစ်တွင် ပြစ်ဒဏ်ဘောမှတစ်ဆင့် ချာရာဝပ်က ခေါင်းတိုက်ကာ ထိုင်းအသင်းအတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး ငါးမိနစ်အကြာတွင် ကျော်ကိုကို၊ ကြည်လင်း တိုက်စစ်အတွဲမှတစ်ဆင့် ကြည်လင်းဖန်တီးပေးသည့် ဘောလုံးကို အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်းက ခေါင်းတိုက်ပြီး ချေပဂိုး သွင်းယူခဲ့သည်။ ၂၁ မိနစ်တွင် ကျော်ဇေယျာဝင်း၏ ခေါင်းတိုက်ဂိုးသွင်းချက် ဘားတန်းထိထွက်ခဲ့၍ မြန်မာအသင်း နစ်နာခဲ့ရသလို ပထမပိုင်းပြီးခါနီးတွင် ကျော်ကိုကို အပိုင်အခွင့်အရေး ရရှိခဲ့သော်လည်း အသုံးချနိုင်ခဲ့ခြင်း မရှိပေ။ ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းကသာ ဂိုးသွင်းခွင့် ပိုမိုဖန်တီးနိုင်ခဲ့ပြီး ဇော်မင်းထွန်းနှင့် ကျော်ကိုကိုတို့၏ ဂိုးသွင်းမှုများကို ထိုင်းဂိုးသမား ကာကွယ်နိုင်ခဲ့၍ မြန်မာအသင်း သရေတစ်မှတ်ဖြင့် ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။
ဒုတိယနေ့ ပွဲစဉ်များကို စက်တင်ဘာ ၉ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ပြီး ပထမပွဲစဉ်အဖြစ် ထိုင်းနှင့် စင်ကာပူ၊ ဒုတိယ ပွဲစဉ်အဖြစ် မြန်မာနှင့် အိမ်ရှင်မလေးရှားတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

Post a Comment

 
Top