မြန်မာ ယူ-၂၃ အသင်းတွင် ပြည့်ဖြိုးအောင်(ဂိုး)၊ သက်နိုင်၊ အောင်ဟိန်းကျော်၊
ဇော်မင်းထွန်း၊ သိန်းသန်းဝင်း၊ ဖြိုးကိုကိုသိန်း၊ ရဲလင်းအောင်၊
နေလင်းထွန်း၊ ကြည်လင်း၊ ကျော်ဇေယျာဝင်း၊ ကျော်ကိုကို စသည့်
ကစားသမားများနှင့် အိမ်ရှင် မလေးရှား ယူ-၂၃ အသင်းကို ရင်ဆိုင်ခဲ့သည်။
အိမ်ကွင်းအား ရှိနေသည့် မလေးရှား အသင်းသည် ပွဲအစကတည်းက အနိုင်ရရေးအတွက်
စိတ်ကြိုက် တိုက်စစ် ဆင်လာခဲ့ပြီး မလေးရှား အသင်း၏ တိုက်စစ်ဆင်မှုများကို
မြန်မာဂိုးသမား ပြည့်ဖြိုးအောင် လက်စွမ်းပြ ကာကွယ်နိုင်သော ကြောင့်သာ
စောစောစီးစီး ဂိုးမပေးခဲ့ရခြင်း ဖြစ်သည်။ တန်ပြန်တိုက်စစ်ကိုသာ
အားပြုနေခဲ့သည့် မြန်မာ အသင်းသည် ပွဲချိန် (၃၈)မိနစ် အရောက်တွင်မူ
ဦးဆောင်ဂိုးကို အမှတ်မထင် ရရှိခဲ့သည်။ ထောင့်ကန်ဘောမှ တစ်ဆင့်
မြန်မာအသင်း၏ ညာတောင်ပံ ကစားသမား နေလင်းထွန်းက ခေါင်းတိုက်
သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ဦးဆောင်ဂိုး ပေးလိုက်ရသည့် မလေးရှား အသင်းသည်
တိုက်စစ်ကို ပိုမို အားပြုလာခဲ့ သော်လည်း မြန်မာ ခံစစ်ကြောင်းနှင့်
ဂိုးသမားတို့ ကာကွယ်နိုင်နေ သောကြောင့် ချေပဂိုး မရရှိဘဲ ပထမပိုင်း
ပြီးဆုံးခဲ့သည်။ ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင်လည်း မလေးရှား အသင်းကသာ
တိုက်စစ်ဆင် ကစားလာခဲ့ပြီး မြန်မာ အသင်းမှာမူ တန်ပြန်တိုက်စစ်ကိုသာ
အားပြုနေခဲ့သည်။ မြန်မာအသင်းသည် ဒုတိယပိုင်းတွင် မလေးရှား အသင်း၏
ကစားကွက်အောက် ပိုမို ကျရောက်နေခဲ့ပြီး ဘောလုံးရချိန်တွင် အရှေ့သို့
ကန်တင်ချက်များမှာလည်း တိကျမှု မရှိသောကြောင့် တိုက်စစ်ပိုင်း ပိုမိုအားနည်း
ခဲ့ရသည်။ ပွဲချိန် (၆၄)မိနစ်တွင်မူ ဆက်တိုက် ဖိကစားနေသည့် မလေးရှားတို့
ချေပဂိုး သွင်းယူနိုင်ခဲ့သည်။ မြန်မာကွင်း တစ်ဝက်ခန့်မှ ကန်တင်ပေးလိုက်သည့်
ပြစ်ဒဏ်ဘောကို မလေးရှားအသင်း ကွင်းလယ်မှ ကျောနံပါတ် (၁၅)
ခေါင်းတိုက်ချပေးရာမှ အသင်းခေါင်းဆောင် အာဖန်က ပိတ်သွင်းယူခဲ့ခြင်း
ဖြစ်သည်။ အဆိုပါ ဂိုးတွင် ခေါင်းတိုက်ချပေးခဲ့သည့် ကျောနံပါတ် (၁၅)မှာ
သိသိသာသာ လူကြွံနေခဲ့သော်လည်း စည်းကျပ်ဒိုင်မှ လူကြွံဘော သတ်မှတ်ခြင်း
မရှိခဲ့သောကြောင့် မြန်မာတို့ နစ်နာခဲ့ရသည်။
ချေပဂိုး ရသွားခဲ့သည့် မလေးရှား အနေဖြင့် တိုက်စစ်ကို ပိုမိုဖိကစား
လာခဲ့ပြီး မြန်မာအသင်းမှာ ခံစစ်အနေအထားသို့ လုံးဝကျရောက် သွားခဲ့သည်။
ပွဲချိန် (၆၈)မိနစ်တွင် အောင်ဟိန်းကျော် အမှားမှ မလေးရှား တိုက်စစ်မှူး
အမ်ဘူမာမီး ဂိုးရရန် နီးစပ်ခဲ့သော်လည်း မြန်မာဂိုးသမား လျှင်လျှင်မြန်မြန်
ဖျက်ထုတ်နိုင်ခဲ့သည်။ ပွဲချိန် (၇၅)မိနစ်တွင်လည်း မလေးရှားတို့
တိုက်စစ်ဆင်လာရာမှ မြန်မာနောက်ခံလူများ ရှင်းထုတ်မှု မပြတ်သားသဖြင့်
ဂိုးရှေ့ရှုပ်ရှက်ခတ်နေစဉ် မလေးရှား ကစားသမား တစ်ဦး အပိုင်
ကန်သွင်းခဲ့သော်လည်း ဂိုးတိုင် ထိခဲ့သောကြောင့် မြန်မာတို့ သက်သာရာ
ရခဲ့သည်။ ပွဲချိန် (၇၈)မိနစ် အရောက်တွင်မူ မြန်မာတို့ မလေးရှားကို
အနိုင်ဂိုး ခွင့်ပြုလိုက်ရတော့သည်။ မေလးရွား တိုက္စစ္မွဴး အမ္ဘူမာမီးကို
မြန်မာဂိုးဧရိယာ အစပ်တွင် ဇော်မင်းထွန်း တားဆီးပုံ ကြမ်းတမ်းခဲ့သောကြောင့်
မလေးရှားတို့ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့သည်။ ထိုပြစ်ဒဏ်ဘောကို မလေးရှား
အသင်း၏ အဓိက ကွင်းလယ်လူ ၀မ်ဇက်က လှလှပပ တိုက်ရိုက် ကန်သွင်းကာ ဦးဆောင်ဂိုး
ရယူသွားခဲ့ခြင်း ဖြစ်သည်။ အနိုင်ဂိုး ရရှိသွားပြီးနောက် မလေးရှားတို့
အနည်းငယ် ထိန်းကစား လာခဲ့ပြီး မြန်မာတို့က ပြန်လှန် ဖိအားပေးလာ
နိုင်ခဲ့သည်။ သို့သော် မလေးရှား အသင်း၏ နောက်ခံလူများ စေ့စေ့စပ်စပ်
ကာကွယ်နေခဲ့သောကြောင့် အပိုင် အခွင့်အရေး ရရှိမှု နည်းပါးခဲ့သည်။ ပွဲချိန်
(၈၆)မိနစ်တွင် မြန်မာအသင်းအတွက် ချေပဂိုး ရရှိနိုင်မည့် အပိုင် အခွင့်အရေး
အဖြစ် သိန်းသန်းဝင်း၏ ကန်တင်ချက်မှ မလေးရှား ဂိုးသမားနှင့် ထိပြီး
ပြန်ကျလာသည်ကို သက်နိုင် လွတ်လွတ်ကျွတ်ကျွတ် ပြေးပိတ်ရသော်လည်း
အံ့အားသင့်ဖွယ် ဂိုးပေါက် လွဲချော်ခဲ့သောကြောင့် မြန်မာတို့ ချေပဂိုး
ရနိုင်ခွင့်ကို လက်လွှတ်ခဲ့ရသည်။ လက်ကျန် မိနစ်များတွင်လည်း မြန်မာတို့
ဖိကစားနေခဲ့ပြီး ဂိုးရရန်မှာ ခက်ခဲနေခဲ့သည်။ ပွဲချိန် (၉၃)မိနစ်တွင်မူ
မြန်မာ ကစားသမားများနှင့် မလေးကစားသမားများ အချင်းများခဲ့ပြီး
ကွင်းလယ်ဒိုင်ကို ပြင်းပြင်းထန်ထန် စောဒက တက်ခဲ့သည့် မြန်မာ ကစားသမား
ကြည်လင်းမှာ ကွင်းအတွင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ မြန်မာအသင်းမှာ
ယခုပွဲကို ရှုံးနိမ့်ခဲ့သောကြောင့် မာဒေးကား ဖလားတွင် (၂)ပွဲကစား
ရမှတ်(၁)မှတ်နှင့် အုပ်စု တတိယနေရာကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ မြန်မာ
အသင်းသည် တတိယမြောက် ပွဲစဉ်အဖြစ် လာမည့် စက်တင်ဘာ (၁၁)ရက်တွင် စင်ကာပူ
အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
Post a Comment