စင်္ကာပူ နိုင်ငံသည် မကြာမီ အတောအတွင်း လမ်းမများပေါ်သို့ ယာဉ်မောင်းမပါသည့် လျှပ်စစ်စွမ်းအင်သုံး ယာဉ်ငယ်များ အသုံးပြု ပြေးဆွဲနိုင်ရန် ကြံစည်နေကြောင်း သိရှိရသည်။ စင်္ကာပူ မြို့ထဲရှိ (၂)ကီလိုမီတာ ရှည်လျားသော သတ်မှတ်လမ်းကြောင်းတွင် မောင်းသူမဲ့ ယာဉ်များသည် ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲကာ သယ်ယူပို့ဆောင်ရေး ကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် စီစဉ်ထားခြင်း ဖြစ်သည်။ အဆိုပါ လမ်းကြောင်းသည် နန်ယန်း နည်းပညာ တက္ကသိုလ် (NTU)နှင့် JTC ကော်ပိုရေးရှင်း သန့်စင်နည်းပညာ ပန်းခြံတို့ကြား သွယ်တန်းပေးထားသည်။ အဆိုပါ လမ်းကြောင်းတွင် ပထမဆုံး မောင်းသူမဲ့ ယာဉ်ကို မကြာမီ စတင်ပြေးဆွဲနိုင်ရန် မျှော်လင့်ထားသည်။
 
NTU၏ စွမ်းအင် သုတေသန ဌာနသည် JTCနှင့် ပူးပေါင်းကာ EDB၏ အထောက်အပံ့ ပေးမှုဖြင့် လျှပ်စစ်စွမ်းအင်သုံး မောင်းသူမဲ့ ယာဉ်များကို စမ်းသပ်မောင်းနှင်မှု ပြုလုပ်လျှက်ရှိသည်။ အဆိုပါ ယာဉ်လေးများတွင် ခရီးသည် (၈)ဦးထိ တင်ဆောင်ကာ တစ်နာရီလျှင် ကီလိုမီတာ (၂၀)နှုန်းဖြင့် ခရီးပေါက်စေမည်ဟု သိရသည်။ ယင်းကဲ့သို့ လျှပ်စစ်ယာဉ်ငယ်လေးများကို အမေရိကန်နှင့် ဥရောပတို့တွင် အသုံးပြုနေပြီ ဖြစ်ပြီး လတ်တလောတွင် ၎င်းတို့အတွက် အားပြန်သွင်းရသည့် အချိန်ကို လျှော့ချနိုင်ရန်နှင့် စွမ်းဆောင်ရည် မြှင့်တင်ရန် သုတေသန လုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်သည်။

Post a Comment

 
Top