Posted on Sep 06 13 - 03:18 PM | Hits : 77

BMW မော်တော်ကား ကုမ္ပဏီသည် ကာလရှည်ကြာ
နာမည်ကြီးနေခဲ့သည့် ၎င်းတို့၏ မျိုးစပ် နည်းပညာသုံး Spyder i8 Concept
မော်တော်ကားကို မကြာမီ ထုတ်ဖော် ပြသသွားမည်ဟု သိရှိရသည်။ BMW i8၏
မျိုးကွဲဖြစ်သော ယခုမော်တော်ကား၏ ဓာတ်ပုံများကို BMWက ပြသဖူးသော်လည်း လုံးဝ
အပြီးသတ်အဆင့် တီထွင် အဆင့်မြှင့်ပြီး မော်တော်ကားကိုမူ ဂျာမနီနိုင်ငံ၊
ဖရန့်ဖတ်မြို့တွင် ကျင်းပမည့် မော်တော်ကား ပြပွဲမှ စတင်မိတ်ဆက်သွားမည်
ဖြစ်သည်။ ယင်းပြပွဲကို စက်တင်ဘာ (၁၀)ရက်နေ့တွင် စတင်ကျင်းပရန် စီစဉ်ထားသည်။
ဂျာမနီ မော်တော်ယာဉ် လုပ်ငန်းစုကြီး BMWသည် မော်တော်ကား၏
စွမ်းဆောင်ရည်နှင့် ပတ်သက်သော မှတ်တမ်း ဗီဒီယို အချို့ကိုလည်း
ရိုက်ကူးထားပြီး ဖြစ်သည်။ Spyder i8သည် (၂၀၁၄)ခုနှစ် အစောပိုင်းတွင် BMW
ပရိသတ်များအတွက် စတင်ဝယ်ယူခွင့် ရရှိလာစေမည်ဟု သိရသည်။

(၂၀၁၁)ခုနှစ်က စတင်၍ မိတ်ဆက်ခဲ့သော Spyder i8 စီမံကိန်းသည် အဆင့်ဆင့် မွမ်းမံ မြှင့်တင်မှုများကြောင့် နှစ်ချီ ကြာမြင့်ခဲ့သည်။ ဒီဇယ်နှင့် လျှပ်စစ်စွမ်းအင် နှစ်မျိုးကို ပေါင်းစပ် ဖြည့်တင်းနိုင်သော မော်တော်ကားသည် မြင်းကောင်ရေ (၃၅၄)ကောင်အား မော်တာကို တပ်ဆင်ထားသည်။ အဆိုပါ မော်တော်ကားသည် အမြန်ဆုံး တစ်နာရီ ကီလိုမီတာ (၂၅၀)နှုန်းထိ အရှိန်မြှင့် မောင်းနှင်နိုင်မည်ဖြစ်ကာ ရပ်နားထားရာမှ တစ်နာရီလျှင် ကီလိုမီတာ (၁၀၀)မြန်နှုန်းထိ ရောက်ရှိအောင် (၄.၆)စက္ကန့်သာ အချိန်ယူရန် လိုအပ်ကြောင်း သိရသည်။
BMW၏ i line မော်တော်ကား စီးရီးများ၏ နောက်ဆုံးပေါ် လက်ရာ ဖြစ်လာမည့် i8သည် ကီလိုမီတာ (၁၀၀) မောင်းနှင်ပြီးချိန်တွင်မှ ဆီစားနှုန်း (၂.၇)လီတာသာ ရှိမည်ဟုလည်း ဆိုသည်။ ယခုမော်တော်ကား ပြပွဲတွင် i line မော်တော်ကား မျိုးဆက်ထဲမှ i3၏ (၂၀၁၃)ခုနှစ်အတွက် Concept မော်ဒယ်လ်ကိုလည်း ပြသသွားမည် ဖြစ်သည်။ လုံးဝဥဿုံ လျှပ်စစ်စွမ်းအင်ကိုသာ အသုံးပြုသော မော်တော်ကားသည် တစ်ကြိမ် အားသွင်းပြီးလျှင် ကီလိုမီတာ (၁၆၀)ထိ မရပ်မနား မောင်းနှင်နိုင်သည်။ သာမန်အားဖြင့် ယင်းကဲ့သို့ သွားလာမောင်းနှင်မှုမျိုးကြောင့် ကာဘွန်ဒိုင်အောက်ဆိုက် ထွက်ပေါ်မှု လုံးဝမရှိနိုင်ဟုလည်း BMWက ပြောကြားထားသည်။ BMWသည် i3 မော်ဒယ်လ်သစ်ကို ယခုနှစ်ကုန်ပိုင်းတွင် ဈေးကွက်စဖြန့်ပြီး Spyder i8ကို (၂၀၁၄) နှစ်ဆန်းပိုင်းမှ ရောင်းချသွားရန် ရည်ရွယ်ထားသည်။ ဖရန့်ဖတ် ပြပွဲတွင် ယင်းမော်တော်ကားများ၏ ဈေးနှုန်းကိုလည်း BMWက အတည်ပြု ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Post a Comment