ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ပြုလုပ်နေသည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တောင်ကြီးဟိုတယ်တွင် ပြုလုပ်သွားရန် စီစဉ်ထားသော်လည်း လက်ရှိအချိန်အထိ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ထံမှ ခွင့်ပြုချက် မကျသေးကြောင်း သိရသည်။
အဆိုပါပွဲ ကျင်းပခွင့်ရရန် သြဂုတ် ၂၄ ရက်ကတည်းက ခွင့်ပြုချက်ရရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ လျောက်ထားခဲ့ခြင်း ဖြစ်သော်လည်း စက်တင်ဘာ ၆ ရက်အထိ ခွင့်ပြုချက် မရရှိသေးကြောင်း သိရသည်။
''ကျွန်တော်တို့ ဒီနေ့မေးကြည့်တော့ လူကြီးတွေ မစုံသေးလို့ ခွင့်ပြုချက်ပေးမပေး မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်'' ဟု တောင်ကြီးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုင်းခင်မောင်ညွန့်က စက်တင်ဘာ ၆ ရက်တွင် ပြောကြားသည်။
အဆိုပါပွဲ ကျင်းပရန် ရှမ်းပြည်နယ် အစိုးရ အဖွဲ့ထံမှ ခွင့်ပြုချက် မရပါက အဆိုပါရက် အတိုင်းပင် အခြားတစ်နေရာတွင် ပြုလုပ်သွားရန် စီစဉ်သွားမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။
''မရဘူး ဆိုရင်လည်း ကျွန်တော်တို့က အဲဒီရက်အတိုင်းပဲ တခြားနေရာမှာ နည်းလမ်းတစ်ခုခုရှာပြီး စီစဉ်ရမှာပဲလေ။ ဖိတ်စာတွေကလည်း စီစဉ်ထားပြီးပြီ။ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေတက်မယ့်ပွဲပဲ။ ပြီးတော့ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး လုပ်တဲ့ပွဲဆိုတော့ ခွင့်ပြုချက်ရမယ်လို့ မျှော်လင့်ပါတယ်'' ဟု ဦးစိုင်းလိတ်က ဆိုသည်။

လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ၁၇ နှစ်ကြာ ယူထားပြီးမှ တိုက်ပွဲများပြန်လည် ဖြစ်ပွားခဲ့သည့် အတွက် တိုင်းရင်းသားများ အနေဖြင့် အစိုးရအပေါ် ယုံကြည်မှုနည်းပါး နေသောကြောင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ယုံကြည်မှုကို အရင်တည်ဆောက် ရခြင်းဖြစ်...


အဆိုပါ ဆွေးနွေးပွဲများကို ယခင်တွေ့ဆုံမှု အကြိမ်များ၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး လာမည့်တတိယ အကြိမ်ဆွေးနွေးပွဲကိုမူ တိုင်းရင်းသား ပေါင်းစုံပါဝင်သည့် ဖြစ်မြောက်ရေး ကော်မတီဖြင့် ပြုလုပ်သွားမည်ဖြစ်ကာ အဆိုပါ အဖွဲ့ကို လက်ရှိတွင် အဖွဲ့ကိုးဖွဲ့ဖြင့် ဖွဲ့စည်းထားကာ နောက်ပိုင်းတွင် မွန်အဖွဲ့များပါ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ် ဆွေးနွေးပွဲတွင် ယုံကြည်မှု တည်ဆောက်မည့် အဖွဲ့များအဖြစ် ရှမ်း၊ ကယားနှင့် မွန်လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးအင်အားစုများ ပါဝင်မည်ဖြစ်ပြီး ရခိုင်၊ ကရင်နှင့် ချင်းနိုင်ငံရေး အင်အားစုများလည်း လေ့လာသူများအဖြစ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အစိုးရအဖွဲ့ဘက်မှ ယခင်အကြိမ်များတွင် တက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း ကော်မတီကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ပြီး ရှမ်း၊ ကယား၊ မွန်တို့မှ ၀န်ကြီးချုပ်များနှင့် လွှတ်တော်ဥက္ကဋ္ဌ များကိုလည်း ဖိတ်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု ၁၇ နှစ်ကြာ ယူထားပြီးမှ တိုက်ပွဲများပြန်လည် ဖြစ်ပွားခဲ့သည့် အတွက် တိုင်းရင်းသားများ အနေဖြင့် အစိုးရအပေါ် ယုံကြည်မှုနည်းပါး နေသောကြောင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ယုံကြည်မှုကို အရင်တည်ဆောက် ရခြင်းဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားသည်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲများကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက ရန်ကုန် မြို့တွင် ရှမ်းအမျိုးသား ကိုယ်စားပြု ပါတီများနှင့် အပစ်ရပ်အဖွဲ့များ ပါဝင်သော ပထမအဆင့် ဆွေးနွေးပွဲ၊ ၂၀၁၃ ခုနှစ် မတ်လအတွင်းက ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ကယားပြည်နယ်မှ နိုင်ငံရေးပါတီ၊ အပစ်ရပ် အဖွဲ့များ ပါဝင်လာသော ဒုတိယအဆင့် ဆွေးနွေးပွဲများအဖြစ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်နိုင်မည့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လာမည့် အောက်တိုဘာလအတွင်း ပြုလုပ်လိုသည်ဟု ပြောကြားသည်။

Post a Comment

 
Top