
ဇူလိုင် ၂၃
ရက်က မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သော KIO ကိုယ်စားပြု အလုပ်အဖွဲ့ရုံး
ဖွင့်ပွဲအခမ်းအနားတွင် နှစ်ဖက် ကိုယ်စားလှယ်များအား တွေ့ရစဉ်
မြန်မာ့ငြိမ်းချမ်းရေး စင်တာ(MPC)နှင့် ကေအိုင်အို ကိုယ်စားပြု
အလုပ်အဖွဲ့ (Technical Advisory Team)တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌
စက်တင်ဘာ ၁၆ နှင့် ၁၇ ရက်တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း
သတင်းရရှိသည်။
အဓိက ဆွေးနွေးမည့် အကြောင်းအရာများမှာ မေ ၂၈ နှင့် ၃၀ ရက်တွင်
ဆွေးနွေးခဲ့သော ရွှေ့ပြောင်းဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး၊ စောင့်ကြည့်
ကြီးကြပ်ရေးအဖွဲ့ (Joint monitoring committee) ဖွဲ့စည်းရေးစသည့်
မေလငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် သဘောတူခဲ့သည့် အချက်ခုနစ်ချက်နှင့်
အခြားအကြောင်း အရာများကို နှစ်ရက်ကြာ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ကေအိုင်အို ကိုယ်စားပြု အလုပ်အဖွဲ့မှ ဦးဒေါင်ခါးက ''လွန်ခဲ့တဲ့
မေလသဘောတူညီချက်ကိုပဲ ဆွေးနွေးမှာပါ။ မြန်မာ့ငြိမ်းချမ်းရေး စင်တာက
ဦးလှမောင်ရွှေ ဦးဆောင်တဲ့ အဖွဲ့နဲ့ပါပဲ'' ဟု ဆိုသည်။ သို့သော်လည်း
နိုင်ငံတော်သမ္မတ၏ အောက်တိုဘာလတွင် ပြုလုပ်မည့် အပစ်အခတ် ရပ်စဲရေးအတွက်မှာမူ
မည်သည့်ပုံစံ၊ မည်သည့်နည်းဖြင့် လုပ်ဆောင်မည် ဆိုသည်ကို
ကေအိုင်အို/ကေအိုင်အေ အနေဖြင့် မသိရသေးကြောင်း ၎င်းက ပြောကြားသည်။
ကေအိုင်အို ကိုယ်စားပြု အလုပ်အဖွဲ့(Technical Advisory Team)ကို
မေလဆွေးနွေးပွဲမှ သဘောတူညီချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီးအဖွဲ့တွင်
ကေအိုင်အိုမှ ငါးဦး၊ အရပ်ဘက်မှ ဆယ်ဦးပါဝင်ပြီး အစိုးရနှင့်
ကေအိုင်အိုတို့၏ ဆက်ဆံရေးကိစ္စများ၊ မြန်မာငြိမ်းချမ်းရေး
စင်တာ(MPC)အဖွဲ့နှင့် အကြို ညှိနှိုင်းဆွေးနွေးမှုများ၊ ဆွေးနွေးပွဲအတွက်
ကြိုတင်ပြင်ဆင်ခြင်းများ၊ နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာပါက
ဆွေးနွေးပွဲများတွင် အငြင်းအခုံများ မဖြစ်ပေါ်အောင် ကြိုတင်ညှိနှိုင်း
ဆွေးနွေးခြင်းများကို အဓိက လုပ်ဆောင်မည် ဖြစ်သည်။ ယခုကဲ့သို့
ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေစဉ် သြဂုတ် ၁၇ ရက်က ပန်ဝါဒေသနှင့် ၂၈
ရက်တွင် ပူတာအို မချမ်းဘော ဒေသများ၌ ကေအိုင်အေနှင့် တပ်မတော်တို့
ထိတွေ့မှုများ ဖြစ်ပေါ်ခဲ့သော်လည်း အလုပ်အဖွဲ့ပေါ်တွင် ထိခိုက်မှု
မရှိနိုင်ကြောင်း သိရသည်။
သြဂုတ် ၂၅ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန်
မျော်မှန်းထားသည့် အောက်တိုဘာလ မတိုင်မီ ကချင်လွတ်မြောက်ရေးအဖွဲ့
(ကေအိုင်အို)နှင့် ငြိမ်းချမ်းရေး အပြီးသတ် ဆွေးနွေးနိုင်မည်ဟု ယူဆကြောင်း
သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။
Post a Comment