အမေရိကန်က မြန်မာနိုင်ငံနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းနေချိန်တွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် စစ်တပ်ချင်း ဆက်ဆံမှုများ ရှိနေကြောင်း မြန်မာအရေး ကျွမ်းကျင်သူ ဘာတေးလစ်တနာက Asia Times Online တွင် Myanmar, North Korea stay brothers in arms ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၅ ရက်က ဖော်ပြခဲ့သော ဆောင်းပါး၌ ရေးသားထားသည်။
၁၉၈၃ ခုနှစ် အာဇာနည်ကုန်း ဗုံးပေါက်ကွဲချိန်မှ စတင်၍ မြန်မာနိုင်ငံသည် မြောက်ကိုရီးယား နိုင်ငံနှင့် ဆက်ဆံမှုများ ရပ်တန့်ခဲ့သည်။ ဆယ်စုနှစ်တစ်ခုကြာ ဆက်ဆံမှုများ ရပ်တန့်ခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ် အလယ်ပိုင်း နှစ်များတွင် မြန်မာနှင့် မြောက်ကိုရီးယားတို့ ဆက်ဆံမှုများ ပြန်လည်စတင် ခဲ့သည်။
ထိုအချိန်မှစ၍ မြန်မာနိုင်ငံသည် မြောက်ကိုရီးယား နိုင်ငံထံမှ ဒုံးကျည်နှင့် မြေအောက်ဗုံးခိုစခန်း တည်ဆောက်သည့် နည်းပညာများ ရယူခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံသို့ ဆန်နှင့် အခြားစားသောက်ကုန်များ ပြန်လည်ပေးပို့ခဲ့သည်။ ထို့အပြင် ၂၀၀၈ ခုနှစ် နိုင်ဝင်ဘာလ နှောင်းပိုင်းနှင့် ဒီဇင်ဘာလ အစောပိုင်း ကာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက်ခဲ့ပြီး မြောက်ကိုရီးယား စစ်ဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သည်။ နိုဝင်ဘာ ၂၆ ရက်တွင် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့ပြီး အကူအညီပေးရေး၊ မြေအောက် ဥမင်များနှင့် လျို့ဝှက်စခန်းများ တည်ဆောက်ရေး တို့တွင်ကူညီရန် သဘောတူခဲ့ ကြသည်ဟု ဘာတေးက ဆိုသည်။
ထို့အပြင် အမှတ်(၁၀)ကာကွယ်ရေး ၀န်ကြီးဌာန စစ်လက်နက် ပစ္စည်းစက်ရုံ(ကပစ)တွင် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ ထုတ်လုပ်ရန်အတွက် ဆားကစ်ချစ်ပ်ပြားများ၊ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်တင်ကားများ အတွက် ဘက်ထရီများနှင့် ရေဒါအစိတ်အပိုင်းများကို မြောက်ကိုရီးယားထံမှ ရယူခဲ့ကြောင်း ဆောင်းပါးတွင် ရေးသားခဲ့ပါသည်။
သို့သော်လည်း မြောက်ကိုရီးယား နိုင်ငံထုတ် မြေပြင်မှ မြေပြင်ပစ် SCUD အမျိုးအစား Hwasong 5 နှင့် Hwasong 6 တို့သည် ကီလိုမီတာ ၃၂၀ မှ ၅၀၀ အထိ ပစ်လွှတ်နိုင်ပြီး Nodong ဒုံးကျည်သည် ကီလိုမီတာ ၁၅၀၀ အထိ ပစ်လွှတ်နိုင်သည်။ သို့သော် မြန်မာနိုင်ငံသည် လက်ရှိတွင် ထိုဒုံးကျည်များ အသုံးပြု တိုက်ခိုက်ရမည့် ဒေသတွင်းရန်သူ မရှိသေးကြောင်း သိရှိရသည်။
မြောက်ကိုရီးယားနှင့် ယင်းကဲ့သို့ ပူးပေါင်းမှုများကြောင့် ဇူလိုင် ၂ ရက်က ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးအား အမေရိကန်မှ အမည်ပျက်စာရင်း သွင်းခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက မြောက်ကိုရီးယားနှင့် ပူးပေါင်းလုပ်ဆောင် ရခြင်းသည် အထက်လူကြီးများ၏ အမိန့်ကိုသာ နာခံခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတစ်ဦးတည်းအား ယခုကဲ့သို့ အမည်ပျက် စာရင်းသွင်းခြင်းကို ဒေါသထွက်မိကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။

Post a Comment

 
Top