
ယခုနှစ် သြဂုတ်လအထိ ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေများ၊ အိမ်ဖော်၊
ပြည့်တန်ဆာ လုပ်ငန်းများနှင့် စက်ရုံအလုပ်ရုံများတွင် လူကုန်ကူးခံရသည့်
ဦးရေမှာ ၃၀၀ ခန့် ရှိနေပြီဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး
ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ)မှ အကြီးတန်း အကြံပေး ဦးထူးချစ်က The Daily
Eleven သတင်းစာသို့ ပြောကြားသည်။
အဆိုပါ လူကုန်ကူးခံရသည့် ၃၀၀ မှာ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး
ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ)နှင့် ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများ အသင်းမှ လူကုန်ကူး ခံရသူများကို ပူးပေါင်းကူညီ
စောင့်ရှောက်ခဲ့မှုများအရ ပြုစုထားသည့် စာရင်းများဖြစ်ပြီး အခြားလူကုန်ကူး
ခံရသူများ ရှိနေသေးကြောင်း ဦးထူးချစ်က ဆိုသည်။
"ကျွန်တော်တို့ ဒီနှစ်အစပိုင်းကနေစပြီး လက်ရှိအချိန်အထိ
လူကုန်ကူးခံရသူတွေကို ကူညီပေးခဲ့တာ လူဦရေ ၃၀၀ လောက် ရှိပါပြီ။ အများစု
လူကုန်ကူးခံရတာကတော့ ငါးဖမ်းလှေပေါ်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း
အတွင်းမှာပဲ ငါးဖမ်းလှေပေါ်က လူကုန်ကူးခံရတဲ့သူနှစ်ဦး ကျွန်တော်တို့ဆီကို
ပြေးလာတယ်။ အိမ်ဖော်လုပ်ငန်းနဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေမှာလည်း လူကုန်ကူး
ခံရတာတွေ ရှိပါတယ်" ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း
(ထိုင်းနိုင်ငံ)မှ အကြံပေး ဦးထူးချစ်က ပြောကြားသည်။
ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် ဖြစ်စဉ်များတွင်
အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများမှ တစ်ဖက်နိုင်ငံတွင်ရှိသည့်
အလုပ်လုပ်ရမည့် ကုမ္ပဏီအကြောင်းကို လေ့လာစုံစမ်းရာတွင် အားနည်းမှုများ
ရှိသည့်အပြင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် ရောင်းစားခံရသည့်
မြန်မာများမှာ ထိုင်းနိုင်ငံကို မရောက်ဖူးခြင်း၊ ထိုင်းစကား
မတတ်ခြင်းတို့ကြောင့် ပွဲစား၏ လိမ်လည်ရောင်းချမှုကို
ခံနေရခြင်းမျိုးဖြစ်ကြောင်း သိရသည်။
Post a Comment