
ရှမ်းပြည်နယ် အတွင်းက တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့တွေ၊ ပြည်သူတွေနဲ့ သွားရောက် တွေ့ဆုံ နေတဲ့ ပြည်ထောင်စု လွှတ်တော်
နာယက သူရ ဦးရွှေမန်း နဲ့ အဖွဲ့ဟာ သောကြာနေ့က SSPP ရှမ်းပြည် တိုးတက်ရေး
ပါတီ နဲ့ လားရှိုး မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အောက်တိုဘာလ အတွင်း အလုံးစုံ အပစ် အခတ် ရပ်စဲရေး
အတွက် လက်မှတ်ရေးထိုး ကြမယ် ဆိုတာ ကို SSPP အနေနဲ့ ကြိုဆိုတယ်လို့
ပြောခဲ့ပြီး လက်မှတ်ရေးထိုး တာထက် နိုင်ငံရေး အရ အမြန်ဆုံး အဖြေရှာဖို့ ပို
လိုလား တယ်လို့ နာယက ဗိုလ်ချုပ် ဆေထင် ဦးဆောင်တဲ့ SSPP အဖွဲ့က
တင်ပြခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ SSPP ပြောရေး ဆိုခွင့် ရှိသူ
ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။
လက်မှတ်
ထိုးပွဲကို တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံး တက်ရောက် လိမ့်မယ်လို့
ယုံကြည်ပေမဲ့ အားလုံး လက်မှတ်ရေးထိုး မထိုး ဆိုတာကတော့ ဆွေးနွေးမှုတွေ
အပေါ် မူတည်တယ်လို့ သူက ဆိုပါတယ်။
အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ နိုင်ငံရေး
ပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူ လူထု ပါဝင်တဲ့ အမျိုးသား
ပြန်လည် ရင်ကြား စေ့ရေး ဆွေးနွေးပွဲ အမြန်ဆုံး ဖြစ်စေချင်တယ်လို့ ဗိုလ်မှူး
စိုင်းလ က ပြောပါတယ်။
နိုင်ငံရေး အရ အဖြေရှာတဲ့ နေရာမှာ လွှတ်တော်
လမ်းကြောင်း ကနေ သွားဖို့ အစိုးရက ပြောနေတဲ့ အတွက် လွှတ်တော်
ကိုယ်စားလှယ်တွေ မရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ ၂၀၁၅
ရွေးကောက်ပွဲ ကိုဝင်ပြီးမှ လွှတ်တော်ထဲမှာ ဆွေးနွေးမယ် ဆိုရင် နိုင်ငံရေး
ဆွေးနွေးပွဲက နှောင့်နှေး သွားမှာကြောင့် လွှတ်တော် ပြင်ပမှာ ဆွေးနွေးပြီး
ရလာတဲ့ သဘောတူညီချက် တွေကို လွှတ်တော်မှာ ပြဌာန်း ပေးဖို့ တင်ပြ ခဲ့တယ်လို့
SSPP ပြောရေး ဆိုခွင့် ရှိသူက ဘီဘီစီကို ပြောပါတယ်။
ဒီ တင်ပြချက်ကို သူရ ဦးရွှေမန်းက အလေးထား စဉ်းစားမယ်လို့ ပြောခဲ့ကြောင်းလည်း ဗိုလ်မှူး စိုင်းလက ပြောပါတယ်။
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီနဲ့
ဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့ SSPP အနေနဲ့ ပြည်ထောင်စု လွှတ်တော် နာယကနဲ့
တွေ့ဆုံပြီး သူတို့ ဆန္ဒတွေကို ပြောလိုက်ရတဲ့ အတွက် အရင်ကထက်
မျှော်လင့်ချက်တွေ ပိုရှိ လာတယ်လို့ သူက ပြောပါတယ်။
ဦးရွှေမန်းနဲ့ အဖွဲ့ဟာ စက်တင်ဘာလ ၂ ရက်နေ့က
တောင်ကြီးမြို့မှာ RCSS ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ပအိုဝ်း
အမျိုးသား အဖွဲ့ချုပ် PNO၊ ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်လပ်ရေးစ အဖွဲ့
စတာ တွေနဲ့ တွေ့ဆုံခဲ့ပြီး ၃ ရက်နေ့ကတော့ UWSA ဝပြည်သွေးစည်း ညီညွတ်ရေး
တပ်မတော်၊ NDAA မိုင်းလား အဖွဲ့ တို့နဲ့လည်း ကျိုင်းတုံ မြို့မှာ
တွေ့ဆုံခဲ့ ပါတယ်။
တိုင်းရင်းသား အဖွဲ့တွေနဲ့ သွားရောက်
တွေ့ဆုံခဲ့တဲ့ မြို့တွေမှာ ဌာန ဆိုင်ရာ တာဝန် ရှိသူတွေ၊ နိုင်ငံရေး ပါတီက
လူတွေနဲ့လည်း ဦးရွှေမန်းက သီးခြား တွေ့ဆုံခဲ့ ပါတယ်။
Post a Comment