ရန်ကုန် (မဇ္ဈိမ)။ ။ ဆွစ်ဇလန်နိုင်ငံထုတ် ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ်ဖြစ်သော ရိုးလက်စ် (Rolex) နာရီက မြန်မာနိုင်ငံတွင် ပထမဆုံး
တရားဝင် အရောင်းဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်လိုက်ပြီဟု ဒီဇင်ဘာ ၁၅ ရက်တွင် မီဒီယာများကို ပြောသည်။

(ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
Time Square Trading ကုမ္ပဏီ၏ ကမ္ဘာကျော် Rolex နာရီဆိုင် ဖွင့်ပွဲကို ဒီဇင်ဘာလ ၁၅ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါရှိ Swiss Time Square ဆိုင်တွင် ကျင်းပခဲ့သည်။
ထုတ်လုပ်မှုသက်တမ်း ၁၀၉ ကြာမြင့်ခဲ့ပြီးဖြစ်သည့် ရိုးလစ်နာရီသည် မြန်မာပြည်ဈေးကွက်သို့ ဝင်ရောက်နိုင်ရန် ကိုယ်စားလှယ်ရုံးခွဲ
ဖွင့်လှစ်ထားသော စင်ကာပူနိုင်ငံမှ တစ်ဆင့် တင်သွင်းရောင်းချခြင်း ဖြစ်သည်။
မြန်မာပြည်အရောင်းဆိုင်ကို အမှတ် ၉၉ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Swiss Time Square နာရီအရောင်းဆိုင်နှင့် ပူးတွဲ ဖွင့်လှစ်ခဲ့ခြင်း လည်း ဖြစ်သည်။
ရိုးလက်စ်၏ စင်ကာပူကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူတစ်ဦးက “မြန်မာဈေးကွက်ကို အခုမှစပြီး အခြေချတာ ဖြစ်တဲ့အတွက် ဈေးကွက်ဝယ် လိုအားကို ခန့်မှန်းဖို့ မလွယ်သေးပါဘူး။ ဒါပေမယ့် အကောင်းဆုံးရလာဒ်ကို မျှော်မှန်းထားပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
မြန်မာပြည် အရောင်းကိုယ်စားလှယ်ရုံး ဖွင့်လှစ်ရောင်းချရာတွင် ဝယ်ယူသုံးစွဲမှုများအတွက် ဝန်ဆောင်မှုကို ဆောင်ရွက်နိုင်ရေးအတွက်လည်း အမှတ် ၇၂၊ ဦးဝိစာရလမ်း၊ ရန်ကုန်မြို့တွင် ရိုးလက်စ်နာရီ ဝန်ဆောင်မှု စင်တာကိုလည်း တစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု Time Square ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရိုးလက်စ်သည် လက်ပတ်နာရီများကို ပထမဦးဆုံး တီထွင်ခဲ့သော လုပ်ငန်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း နာရီအမှတ်တံဆိပ်အဖြစ်
ရပ်တည်နိုင်ခဲ့ကာ အရည်အသွေးနှင့် တန်ဖိုးမြင့် နာရီများကိုသာ ထုတ်လုပ်ခြင်း ဖြစ်သည်။
REF:Mizzima
Post a Comment