ရန်ကုန် (မဇ္ဈိမ) ။ ။ နိုင်ငံခြား ခရီးသွားများကို ဆွဲဆောင်ရန် သံတောင်ဒေသကို တောင်ပေါ်ခရီးစဉ် ဒေသတစ်ခုအဖြစ် ထပ်မံတိုးချဲ့ရန် စီစဉ်သွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ဒီဇင်ဘာ ၇ ရက်တွင် သံတောင်ခရီးစဉ် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ကရင်ပြည်နယ်၊ သံတောင်မြို့သို့ သွားရောက် လည်ပတ်သည့် ပြည်တွင်း ခရီးသွားအချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ-သိင်္ဂီထွန်း၊ မဇ္ဈိမ)
ကရင်ပြည်နယ်အတွင်းရှိ သံတောင်ခရီးစဉ်ဒေသသည် ပဲခူးတိုင်း၊ တောင်ငူဒေသနှင့် ဆက်စပ်လျက်ရှိပြီး နယ်မြေဒေသ တည်ငြိမ်လာ သည့်အပြင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့်အတွက် ခရီးစဉ်ဒေသ တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်း များစွာရှိနေသည်ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောသည်။
၁၉၉၆ ခုနှစ်မှ စတင်ကာ သံတောင်ခရီးစဉ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာဆောင်ရွက်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သော်လည်း လက်ရှိအချိန်တွင် နိုင်ငံခြား ခရီးသွားများကို ဆွဲဆောင်နိုင်မည့် တောင်ပေါ်ခရီး စဉ် ဒေသတစ်ခုအဖြစ် တိုးမြှင့်အကောင်အထည်ဖော်သွားမည် ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က မြန်မာနိုင်ငံသို့ ယခုနှစ်ကုန်တွင် နိုင်ငံခြားခရီးသွား သုံးသန်းကျော် လာရောက်မည့် အခြေအနေရှိနေပြီး နိုင်ငံခြားခရီးသွားများကို ပုံမှန်ခရီးစဉ်ဒေသအပြင် နိုင်ငံခြားခရီးသွားများ လာရောက်အပန်းဖြေနိုင်မည့် သံတောင်ဒေသကို တောင်ပေါ်ခရီးစဉ် ဒေသတစ်ခုအဖြစ် တိုးချဲ့နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားများ စံချိန်တင်ဝင်ရောက်လာမှု များပြားလျက်ရှိရာ နိုင်ငံခြားခရီးသွားများ ပုံမှန်လာရောက်လျက်ရှိသည့် ရန်ကုန်၊ မန္တလေး၊ ပုဂံခရီးစဉ် ဒေသများအပြင် လမ်းပန်းဆက်သွယ်ရေးနှင့် တည်းခိုနေထိုင်ရေး ကောင်းမွနသည့် ခရီးစဉ်ဒေသ အသစ်များ ဖော်ထုတ်ရန် လိုအပ်လျက်ရှိနေသည်ဟု ခရီးသွား လုပ်ငန်းရှင်များက ပြောဆိုထားသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် ကယားပြည်နယ်၊ ချင်းပြည်နယ် ဒေသများကို ခရီးစဉ် ဒေသအသစ်အဖြစ် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင် ပျုမြို့ဟောင်းခရီးစဉ် ဒေသများအပြင် သံတောင်ဒေသကို တောင်ပေါ်ခရီးစဉ်ဒေသအဖြစ် ထပ်မံဖော်ထုတ်ရန် စီစဉ်ဆောင်ရွက် လာခြင်း ဖြစ်သည်။
သံတောင်အား တောင်ပေါ်စခန်းမြို့အဖြစ် လူသိများပြီး တောင်ငူမြို့နှင့် ၁၃ မိုင်အကွာ၌ တည်ရှိသည်။ သံတောင်ဒေသတွင် ပသီချောင်း၊ နော်ဘူဘော ဆုတောင်းတောင် စသည့် ခရီးသွားများ စိတ်ဝင်စားသည့် အရင်းအမြစ်များ ရှိသော်လည်း ယခင်က နယ်မြေတည်ငြိမ်မှု အခြေအနေကြောင့် ခရီးသွားများ စိတ်ဝင်စားမှုနည်းခဲ့ခြင်း ဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။
လက်ရှိအချိန်တွင် ပဲခူးတိုင်း၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၄၂ လုံး၊ အခန်းပေါင်း ၁,၀၀၀ ကျော်ရှိပြီး ကရင်ပြည်နယ်တွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ ကိုးလုံး၊ အခန်းပေါင်း ၂၀၀ ကျော် ရှိနေသည်။ သို့သော် သံတောင်တွင်မူ တည်းခိုတည်း၊ ဟိုတယ် မရှိသေးပေ။
Credit-Mizzima
#ဂမုန်းပန်း
Post a Comment