မန္တလေး၊ ဒီဇင်ဘာ ၉

မန္တလေးမြို့တော်၏ (၁၉) ကြိမ်မြောက် အမေနေ့နှင့် မိဘမေတ္တာ ကျေးဇူးဆပ်လိုသော သားသမီးများအတွက် အမေ့ခြေရာခံယူပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့ မှ ဇန်န၀ါရီလ ၃ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ အမေနေ့အခမ်းအနား ကျင်းပရေး ကော်မတီထံမှ သိရှိရသည်။

ယင်းအခမ်းအနားတွင် အမေ့ခြေရာ ခံယူပွဲနှင့်အတူ အမေ့ဂုဏ်ကျေးဇူးကို ဖော်ညွှန်းသည့် စာပေဟောပြောပွဲ အဖြစ် နုနုရည်(အင်းဝ)၊ ညီမင်းညိုတို့က ဟောပြောကြမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းအပြင် အမေ့ဂုဏ်ရည်နှင့် ပတ်သက်၍ အလွတ်တမ်းဝတ္ထုတိုနှင့် ကဗျာရှည်ပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်၍ အမေမေတ္တာဘွဲ့ စာမူများကို ထွန်းဦးစာပေ၊ ၂၉လမ်းနှင့် ၈၄လမ်းထောင့်၊ မန္တလေးမြို့နှင့် ဦးဖုန်းမြင့်အောင်၊ အမှတ် ၄၁၊ ၄၀ x ၄၁ လမ်းကြား၊ ၆၉လမ်း၊ မဟာမြိုင် ၁ မန္တလေးမြို့တို့ထံ ဒီဇင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း အမေနေ့ကျင်းပရေး ကော်မတီထံမှ သိရှိရသည်။

မန္တလေးမြို့ (၁၉) ကြိမ်မြောက် အမေနေ့အခမ်းအနားကို ဇန်နဝါရီလ ၄ ရက် (ပြာသိုလပြည့်နေ့) တွင် ပရိယတ္တိ သာသနဟိတအသင်းကြီး (ဦးလှသိန်း ဗိမာန်)၊ ၃၅ လမ်းနှင့် ၈၅ လမ်းထောင့်တွင် ကျင်းပမည်ဖြစ်သည်။
#The Voice Myanmar

-ဂမုန်းပန်း

Post a Comment

 
Top