အဖွင့်ပွဲစဉ် ဖြစ်သောကြောင့် ရလဒ်ကောင်း ရရှိနိုင်ရေး အတွက် (၂)သင်းလုံး အားစိုက် ကစားခဲ့သည်။ လက်ရှိ ချန်ပီယံ ဗီယက်နမ် အသင်းအနေဖြင့် ယခုပွဲတွင် ပွဲချိန် အများစု၌ ထိုင်းအသင်း အပေါ် ဦးဆောင် ကစားနိုင်ခဲ့ပြီး ထိုင်းအသင်းမှာ ပွဲချိန် မိနစ်(၆၀) နောက်ပိုင်းမှ ဗီယက်နမ်ကို အပြန်အလှန် ကစားနိုင်ခဲ့သည်။ ဗီယက်နမ် အနေဖြင့် ယခုပွဲတွင် ခြေစွမ်းပိုင်းသာ မက ဂိုးသွင်းခွင့်တွင်ပါ ထိုင်းအသင်းထက် အသာရခဲ့သော်လည်း တိုက်စစ်မှူးများ အဆုံးသတ် ညံ့ဖျင်းနေသောကြောင့်သာ ယခုရလဒ်နှင့် ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။ ပွဲချိန် (၁၃)မိနစ်တွင် ယခုပွဲ၏ ပထမဆုံး ဂိုးကန်သွင်းခွင့်ကို ဗီယက်နမ်တို့ ရရှိခဲ့ပြီး တိုက်စစ်မှူး သန်ဟောင် ဖန်တီးပေးသည့် ဘောလုံးကို ကွင်းလယ်လူ ငုယင်သီမွန် ဧရိယာအတွင်း ပြေးဝင်ကန်သွင်းခဲ့ရာ ကန်ချက် ကောင်းမွန်ခဲ့သော်လည်း ထိုင်းဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် (၂၉)မိနစ် အရောက်တွင် ဗီယက်နမ်တို့ ဒုတိယအကြိမ် ကန်ခွင့်ရခဲ့ပြီး ဗီယက်နမ် တိုက်စစ်မှူး သန်ဟောင် ထိုင်းနောက်ခံလူ တစ်ဦးနှင့် အပြိုင်ပြေးကာ ကန်သွင်း ခဲ့သော်လည်း ဂိုးဘားပေါ် ကျော်သွားခဲ့သောကြောင့် ဗီယက်နမ်တို့ ဦးဆောင်ဂိုး ရနိုင်သည့် အခွင့်အရေး တစ်ရပ်ကို လက်လွှတ်ခဲ့ရသည်။ ပွဲချိန် (၃၃)မိနစ် အရောက်တွင် ယခုပွဲအတွက် ပထမဆုံး ထောင့်ကန်ဘောကို ထိုင်းအသင်းမှ ကန်ခွင့်ရခဲ့ပြီး တိုက်စစ်မှူး နီဆာရွန်ရမ်၏ ခေါင်းတိုက်ချက် ဂိုးဘားပေါ် ကပ်ကျော်သွားခဲ့သည်။ ထိုင်းတို့ ဆက်တိုက် ဖိကစားလာပြီး ပွဲချိန် (၃၄)မိနစ်တွင်လည်း နောက်ခံလူ ဒါရွတ်ချန်လွတ်၏ ဖြတ်တင်ဘောမှာ ဂိုးပေါက်သို့ တည့်တည့် သွားခဲ့သောကြောင့် ဗီယက်နမ် ဂိုးသမား အသည်းအသန် ပုတ်ထုတ်ခဲ့ရသည်။

ဒုတိယပိုင်း ပြန်စစချင်းတွင် ဗီယက်နမ်တို့ အခွင့်အရေး ရခဲ့ပြီး ဗီယက်နမ် မင်ငူယက် အပိုင်ပိတ်သွင်းခွင့် ရခဲ့သော်လည်း စိတ်လောနေခဲ့သောကြောင့် ဂိုးဘားပေါ် ကျော်သွားခဲ့ရာ ဗီယက်နမ်တို့ နစ်နာခဲ့ရပြန်သည်။ ပွဲချိန် (၅၁)မိနစ် တွင်လည်း ဗီယက်နမ်တို့ နောက်တစ်ကြိမ် အခွင့်အရေး ရခဲ့ပြီး တိုက်စစ်မှူး သန်ဟောင်၏ ဂိုးသမားနှင့် တစ်ဦးခြင်း အတွေ့တွင် ကန်သွင်းမှုမှာ ဂိုးပေါက်နှင့် အံ့အားသင့်ဖွယ် လွဲချော်ခဲ့သည်။ ထိုင်း အသင်းအနေဖြင့် ဗီယက်နမ်ကို ပြန်လှန် ဖိအားပေးနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း တိုက်စစ်ပိုင်းတွင် နားလည်မှု အားနည်းနေခဲ့သည်။ ပွဲချိန် (၆၅)မိနစ်တွင် ထိုင်းအသင်း တိုက်စစ်မှူး နီဆာရွန်ရမ် ဧရိယာ အစပ်မှ အမှတ်မထင် တစ်ပတ်လှည့် ကန်သွင်းရာ ကန်ချက် ကောင်းခဲ့သော်လည်း ဂိုးပေါက် လွဲခဲ့သည်။ ပွဲချိန် (၆၇)မိနစ်တွင် ကွင်းလယ်မှ မျောပေးလိုက်သည့် ဘောလုံးကို ထိုင်းအသင်း ဘယ်တောင်ပံလူ ဆူနီဆာ ဆရမ်ထိုင်ဆောင် ပြေးပိတ်ခဲ့သော်လည်း မိုးပေါ်ထောင်သွား ခဲ့သည်။ ပွဲချိန် (၇၀)မိနစ်တွင် ဗီယက်နမ်တို့ အခွင့်အရေး နောက်တစ်ကြိမ် ထပ်ရခဲ့ပြန်သည်။ ကွင်းလယ်မှ ညာတောင်ပံ ကစားသမား ထရန်သိုင်ကင်မ်ဟောင် ကန်သွင်းချက် ဂိုးဘားထိပြီး ပြန်ထွက်လာရာ တိုက်စစ်မှူး သန်ဟောင် ပြေးပိတ်ခဲ့သော်လည်း ဂိုးသမား တည့်တည့်ကို ပိတ်မိခဲ့သောကြောင့် ဗီယက်နမ်တို့ အပိုင်ဂိုးတစ်ဂိုးကို လက်လွှတ်ခဲ့ရသည်။ ပွဲပြီးကာနီး နောက်ဆုံးမိနစ်တွင် ဗီယက်နမ်၏ လူစားဝင် တိုက်စစ်မှူး ငုယင်သီငူယက် အပိုင်ကန်ရသော်လည်း ဂိုးဘားထိခဲ့သောကြောင့် ဗီယက်နမ်တို့ အပိုင်အခွင့်အရေး နောက်တစ်ကြိမ်ကို လက်လွှတ်ခဲ့ရပြီး ပွဲအပြီးတွင် သရေရလဒ်နှင့်သာ ပွဲပြီးဆုံးခဲ့သည်။

Post a Comment

 
Top