
မူဆယ်မြို့တွင် ဖမ်းဆီးရရှိသည့် ကျောက်စိမ်းလက်ကောက်များကို တွေ့ရစဉ် (ဓာတ်ပုံ- အကောက်ခွန် ဦးစီးဌာန)
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းရှိသည့် မူဆယ်မြို့တွင်
ခန့်မှန်းတန်ဖိုး ကျပ်သန်း ၈၀ ကျော် တန်ဖိုးရှိ တရားမ၀င်
သိုဝှက်သယ်ဆောင်လာသည့် ကျောက်စိမ်းနှင့် ကျောက်စိမ်းထည်များ ရက်ဆက်ဖမ်းဆီး
ရမိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ ရရှိသော သတင်းအချက်အလက်များအရ
သိရသည်။
စက်တင်ဘာ ၃ ရက်တွင် မန္တလေးမှ မူဆယ်သို့ ၀င်ရောက်လာသည့် Light Truck ယာဉ်
တစ်စီးအား အကောက်ခွန် ဦးစီးဌာနမှ စစ်ဆေးခဲ့ရာ ယာဉ်ကိုယ်ထည်၏
အောက်ဘက်ဖရိန်များတွင် အံဝှက်ပြု၍ သယ်ဆောင်လာသည့် ကျောက်စိမ်းဟု ယူဆရသော
ခန့်မှန်းတန်ဖိုး ကျပ် ၄၇ သန်းခန့် တန်ဖိုးရှိ ကျောက်တုံးအရွယ်စုံ ၄၇၆
ကီလိုအား ဖမ်းဆီးနိုင်ခဲ့ပြီး ကျောက်စိမ်းတင်ဆောင်လာသည့် ယာဉ်ကိုလည်း
အကောက်ခွန် ဥပေဒများအရ အရေးယူထားကြောင်း သိရသည်။
သြဂုတ် ၂၇ ရက်ကလည်း မန္တလေးမှ မူဆယ်သို့ ထွက်ခွာလာသည့်
ကန်တာယာဉ်တစ်စီးအား မူဆယ်ယာဉ်ငယ် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရှာဖွေခဲ့ရာ
ယာဉ်မောင်း၏ ထိုင်ခုံနောက်ဘက်နှင့် ယာဉ်၏ပစ္စည်းမျိုးစုံထည့်သည့် Tool Box
အတွင်း သိုဝှက်သယ်ဆောင်လာသည့် ကျောက်စိမ်းဟု ယူဆရသော လက်ကောက်အကြမ်း ၂၃၀၀
ကွင်းအား တွေ့ရှိသဖြင့် အရေးယူခဲ့ကြောင်း သိရသည်။
ထို့အတူ သြဂုတ် ၁၂ ရက်က မန္တလေး ကျောက်ချောပူးပေါင်းစစ်ဆေးရေး စခန်းတွင်
အကောက်ခွန် ဦးစီးဌာနမှ ကျောက်စိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူဆယ်မြို့တွင် တရားမ၀င် သယ်ဆောင်လာသည့် ကျောက်စိမ်းနှင့် ကျောက်စိမ်းထည်များကို ဖမ်းဆီးနေစဉ်
ကျောက်ချောစခန်းတွင် ဖမ်းဆီးရမိခဲ့သည့် ကျောက်စိမ်းများမှာ မန္တလေးမှ
မူဆယ်သို့ သယ်ဆောင်သွားမည့် ကျောက်စိမ်းများဖြစ်ပြီး ခန့်မှန်းတန်ဖိုး ကျပ်
၂၅ သိန်းရှိ ကျောက်စိမ်း ၁၇ ထုပ်ဖြစ်ကြောင်း သိရသည်။
သြဂုတ် ၁၈ ရက်ကလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်
ယာဉ်ငယ်စစ်ဆေးရေးဂိတ်၌ ခန့်မှန်းတန်ဖိုး ကျပ် ၁၂၃ သိန်းရှိ
ကျောက်စိမ်းလက်ကောက် ၂၀၅၀ ကွင်းကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းတွင်
ကျောက်စိမ်းဖမ်းဆီးရမိမှု ရှစ်မှုရှိခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ် ၃၈
သန်းခန့်အား ဖမ်းဆီးအရေးယူ နိုင်ခဲ့သဖြင့် သြဂုတ်နှင့် စက်တင်ဘာလအတွင်း
ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုးမှာ ကျပ်သန်း ၈၀ ကျော် ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကျောက်စိမ်းကို ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့်၊
မိုးညှင်း ဒေသများတွင် လည်းကောင်း၊ အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၌
ခန္တီးမြို့နယ်တို့တွင် လည်းကောင်း ထုတ်ယူနိုင်ကြောင်း၊ အခြားကျောက်မျက်
ရတနာများကိုမူ ကချင်ပြည်နယ် နန့်ယားဆိတ်၊ မန္တလေးတိုင်း ဒေသကြီးတွင်
မိုးကုတ်နှင့် ရှမ်းပြည်နယ် မိုင်းရှူးမြို့များတွင် ထုတ်ယူနိုင်ကြောင်း
သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသော အရည်အသွေးမြင့် ကျောက်စိမ်းများ
မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်းမှုများ
ရှိနေကြောင်းလည်း သတင်းမီဒီယာများတွင် ဖော်ပြချက်များအရ သိရသည်။
Post a Comment