လီဗာပူးလ်၏ နွေရာသီ ဈေးကွက် လှုပ်ရှားမှုများ အတွက် အားရ ကျေနပ်မိကြောင်း အသင်း ခံစစ်မှူး ဒန်နီရယ်လ် အဂ္ဂါက ထုတ်ဖော် ပြောကြားလိုက်သည်။

လီဗာပူးလ်သည် ကစားသမားသစ် အများအပြားကို အားဖြည့် ခေါ်ယူခဲ့သလို အဓိက တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကိုလည်း ဆက်လက် ထိန်းသိမ်း ထားနိုင်သည့် အောင်မြင်သော ဈေးကွက်ကာလ တစ်ခုကို ဖြတ်သန်း နိုင်ခဲ့သည်။ ယခုနွေရာသီတွင် လီဗာပူးလ်သို့ မာမာဒူဆာခို၊ တီယေဂိုအီလော်ရီ၊ ဗစ်တာမော့ဆက်စ်၊ ကိုလိုတိုရေး၊ ဆိုင်မွန်မစ်ဂ်နိုလတ်၊ အိုင်ဂိုအက်စ်ပက်စ်၊ လူးဝစ်အယ်လ်ဘာတိုနှင့် အလီဆစ်ဆိုခို တို့ကဲ့သို့ ကစားသမားသစ်များ ရောက်ရှိ လာခဲ့သည်။

ရလဒ် အနေဖြင့် ယခုအခါ လီဗာပူးလ်သည် အမှတ်ပေး ဇယား ထိပ်ဆုံး နေရာတွင် ဦးဆောင်နေပြီ ဖြစ်သည်။ ဒိန်းမတ် လက်ရွေးစင် ဗဟို နောက်ခံလူ အဂ္ဂါက "ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အခြေအနေကတော့ ကျွန်တော်တို့ အတွက် အပေါင်းလက္ခဏာ ဆန်ခဲ့ပါတယ်။ အရည်အသွေး ပြည့်ဝတဲ့ ကစားသမားတွေ ဝယ်ဖြစ်ခဲ့သလို လိုချင်တဲ့ အခြေအနေတိုင်းအတွက် တိတိကျကျ အားဖြည့်နိုင်ခဲ့တယ်။ ကစားသမားသစ်တိုင်းရဲ့ ကစားပုံကိုတော့ ကျွန်တော် မမြင်ရသေးဘူး။ ဒါပေမဲ့ အများစုကတော့ တကယ့်ကို ထူးချွန်သူတွေ ဖြစ်ပါတယ်" ဟု ဆိုသည်။

၎င်းက ဆက်လက်၍ "ဆွာရက်ဇ်ကို ဆက်ထိန်း ထားနိုင်တာကလည်း အသင်းအတွက် ကောင်းမွန်စေတယ်ဆိုတာ အသေအချာပဲလေ။ သူ့အရည်အသွေးတွေကို လူတိုင်း သိပါတယ်။ သူဟာ လီဗာပူးလ် အတွက် အမြဲတမ်း လိုအပ်နေတဲ့ ကစားသမားပါ" ဟုလည်း ပြောဆိုသွားသည်။

Post a Comment

 
Top