အီတလီ စီးရီးအေကလပ် ရိုးမားမှ ဆောက်သမ်တန်သို့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၇)သန်းဖြင့် ရောက်ရှိလာသော အော့စ်ဗယ်လ်ဒိုက မိမိသည် ဆောက်သမ်တန်တွင် အသားတကျ အောင်မြင်စွာ ကစားနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဆိုသည်။ ထို့အပြင် ပရီးမီးယားလိဂ်၌ ခြေချ ကစားရန် ရွေးချယ်ဖြစ်ခဲ့ခြင်းအတွက် အားရ ကျေနပ်ကြောင်းလည်း ပြောဆိုခဲ့သည်။ "ဆောက်သမ်တန်မှာ ကစားသမားကောင်းတွေ စုစည်းထားတာ တွေ့ရပါတယ်။ အသင်းသစ်မှာ ကျွန်တော် အဆင်ပြေပါတယ်။ သက်တောင့်သက်သာ ခံစားချက်မျိုး ရှိနေတာက ကျွန်တော့်အတွက် အရေးကြီးတယ်လေ"ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။
မြန်မာအွန်လိုင်းသတင်း   9.9.2013
အော့စ်ဗယ်လ်ဒိုက "နိုင်ငံရပ်ခြားမှာ ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ရရှိလာဖို့ ကျွန်တော် လိုလားပါတယ်။ ဆောက်သမ်တန်က ကျွန်တော့်ကို လိုချင်တဲ့နောက် အကောင်းဆုံး ရွေးချယ်မှုမျိုး ကျွန်တော် လုပ်နိုင်ခဲ့တယ်။ ဒီမှာ တကယ့်ကို ကျွန်တော် ပျော်ရွှင်နေပါပြီ။ အသင်းရဲ့ ကွဲပြားတဲ့ ကစားဟန်မှာ အသားကျဖို့တော့ သင်ယူနေတုန်းပါ။ အချိန်တော့ နည်းနည်းယူရမှာပေါ့။ ဒါပေမဲ့ လက်တွေ့ဖြစ်အောင် စွမ်းဆောင်နိုင်မယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ထားပါတယ်"ဟုလည်း ပြောဆိုသွားသည်။

အသက်(၂၇)နှစ်ရှိ အော့စ်ဗယ်လ်ဒိုသည် လက်ရှိတွင် အီတလီ လက်ရွေးစင် အသင်းနှင့်အတူ ရှိနေပြီး ရိုးမားအသင်းမှ ထွက်ခွာမှုအတွက် စိတ်မပျက်ကြောင်း ဆိုသည်။ "ရိုးမားက ကျွန်တော့်ကို ဖယ်ထုတ်လိုက်တာမျိုး ဘယ်တုန်းကမှ မခံစားရပါဘူး။ ကျွန်တော်ကိုယ်တိုင်က အသင်းက အသင်းက ထွက်ခွာဖို့ ရွေးချယ်ခဲ့တာပါ။ သူတို့ဘက်ကလည်း ကျွန်တော့်ကို ရောင်းထုတ်ချင်တာကို နားလည်ပါတယ်။ ရိုးမားမှာ ပရိသတ်တွေကတော့ ကျွန်တော့်ကို အလေးအနက် အားပေးခဲ့ကြပြီး ဒါကတော့ အမြဲအမှတ်ရနေမယ့် အခြေအနေ တစ်ရပ်ပါ"ဟုလည်း ၎င်းက ဆက်လက် ပြောကြားသွားသည်။

Post a Comment

 
Top