ရော့ဆဲလ်က ဘာစီလိုနာ ကွင်းလယ်ကစားသမား၏ စာချုပ်သက်တမ်းကို လာမည့်
ရက်သတ္တပတ် အနည်းငယ်အတွင်း တိုးမြှင့် ချုပ်ဆိုသွားမည်ဖြစ်ကြောင်း TV3
အစီအစဉ် Hat-Trick နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အင်နီယေစတာဟာ ကျွန်တော်တို့ရဲ့ အဓိက ကစားသမား တစ်ဦးပါ။ သူ့ကို
စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခြင်းဟာ ဘာစီလိုနာအတွက်
သတင်းကောင်းတစ်ရပ်ပါပဲ” ဟု ရော့ဆဲလ်က ဖွင့်ဟခဲ့သည်။ တစ်ဆက်တည်းမှာပင်
ကျန်းမာရေး ချို့ယွင်းချက်ကြောင့် အနားယူသွားသည့် အသင်းနည်းပြ တီတို
ဗီလာနိုဗာ၏ နေရာတွင် အစားထိုးနိုင်မည့်နည်းပြကို ရှာဖွေခြင်းမှာ အလွန်တရာ
ခက်ခဲသော်လည်း သင့်တောမည့် နည်းပြကို ရွေးချယ်နိုင်ခဲ့ကြောင်း
ဘာစီလိုနာဥက္ကဋ္ဌက ဝန်ခံခဲ့သည်။

“ဗီလာနိုဗာရဲ့ ကျန်းမာရေး အခြေအနေ ချို့ယွင်းတဲ့ သတင်းဟာ ကျွန်တော့်ရဲ့ ဥက္ကဋ္ဌရာထူးသက်တမ်း တစ်လျှောက် အဆိုးရွားဆုံး သတင်းပါ။ သူ့ ကျန်းမာရေးအခြေအနေ ပုံမှန်ပြန်ဖြစ်ဖို့ မျှော်လင့်ပါတယ်” ဟု ရော့ဆဲလ်က ပြောကြားခဲ့သည်။ ထို့အပြင် “ဗီလာနိုဗာရဲ့ နေရာကို အစားထိုးဖို့အတွက် နည်းပြသုံးယောက်ကို အားကစားဒါရိုက်တာ ဇူဘီဇာရက်တာ က ရွေးချယ်ပေးခဲ့တာပါ။ အဲ့ဒီအထဲကမှ မာတီနိုကို ကျွန်တော် ရွေးချယ်ခဲ့ပါတယ်။ ကျန်တဲ့ နည်းပြနှစ်ယောက်ရဲ့ အမည်ကိုတော့ ကျွန်တော် ထုတ်ဖော်ပြောကြားသွားမှာ မဟုတ်ပါဘူး” ဟု ရော့ဆဲလ်က ဆိုသည်။
အင်နီယေစတာသည် ဘာစီလိုနာတွင် ၂၀၀၅ ခုနှစ်မှ စတင်ကစားခဲ့သူဖြစ်ပြီး အသင်းအတွက် လိဂ်ပွဲ ၂၄၂ ပွဲ ကစားထားသူ ဖြစ်သည်။
Post a Comment