ဈေးကွက်ထဲတွင် ပြင်သစ် အခြေစိုက်
ကစားသမားများကို အဓိက ခေါ်ယူလေ့ရှိသည့် အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည်
အနာဂတ်တွင် ဂျာမန်သား များကို ပစ်မှတ်ပြောင်း ချိတ်ဆက်လာဖွယ် ရှိနေကြောင်း
သိရသည်။
လက်ရှိ အာဆင်နယ် အသင်းတွင် ဂျာမန်လက်ရွေးစင်များအဖြစ် ပါးမာတီဆက်ကာ၊ လူးကက်စ်ပိုဒေါ့စကီးနှင့် မီဆွတ် အိုဇေးလ်တို့ ရှိနေသလို အာဆင်နယ်၏ အဝယ်စာရင်းတွင် နောက်ထပ် ဂျာမနီ လက်ရွေးစင်များ ပါဝင်နေကြောင်း သတင်းများ ထွက်ပေါ်လာသည်။ ကွင်းလယ်တွင် ကျားကုတ်ကျားခဲ ကစားလေ့ရှိသည့် လားစ်ဘန်ဒါကို အာဆင်နယ်က ပေါင်စတာလင် (၁၈.၅)သန်းဖြင့် ယခုနွေရာသီတွင် ကမ်းလှမ်း ခဲ့သော်လည်း ဘေယာလေဗာကူဆင်က ပယ်ချခဲ့ဖူးသည်။ သို့သော်လည်း ဝင်းဂါးက အခြေအနေကို ဆက်လက် စောင့်ကြည့်နေဆဲ ဖြစ်သည်။
ဝင်းဂါးသည် ဘန်ဒါအပြင် ဘိုရပ်ရှားဒေါ့တ်မန် အသင်း၏ ဂျာမနီ လက်ရွေးစင် ကစားသမား (၂)ဦးကိုလည်း အလေးအနက် စိတ်ဝင်စားနေကြောင်း သိရသည်။ ကွင်းလယ်တိုက်စစ်မှူး မာကိုရူးစ်နှင့် ကွင်းလယ်ဖန်တီးရှင် အိုင်ကေ ဂွမ်ဒိုဂန်တို့ နှစ်ဦးသည် ဝင်းဂါး၏ အလေးအနက် စောင့်ကြည့်စာရင်းတွင် ပါရှိနေပြီဟု သတင်းများက ဆိုသည်။ ဒေါ့တ်မန်အသင်း မန်နေဂျာ ယာဂင်ကလော့ပ်ကမူ မိမိသည် မြန်နှုန်းမြင့် တိုက်စစ်သမား ရူးစ်နှင့် ဖန်တီးမှု စွမ်းဆောင်ရည် ကောင်းမွန်သော ကွင်းလယ်လူ ဂွမ်ဒိုဂန်တို့ကို လုံးဝ လက်လွှတ်မည် မဟုတ်ဟု ပြောဆိုထားသည်။
အာဆင်နယ်တွင် ပထမအသင်းမှာ ဂျာမန်သား (၃)ဦးအပြင် တက်လမ်းအကောင်းဆုံး ချာတိတ်တစ်ဦးအဖြစ် သတ်မှတ်ခံရသည့် အသက်(၁၆)နှစ်အရွယ် ဂီဒီယွန် ဇီလာမံ အမည်ရှိ ကစားသမားလေးတစ်ဦးလည်း လူငယ်အသင်းတွင် ရှိနေသည်။ ထို့အပြင် အာဆင်နယ်၏ Capital One ပွဲစဉ်များတွင် ပါဝင် ကစားခွင့်ရဖွယ် ရှိနေသော အသက်(၂၀)အရွယ် ကွင်းလယ် တိုက်စစ်သမားလေး သောမတ်စ် အိုက်စ်ဖဲလ်သည်လည်း ဂျာမန်တစ်ဦးပင် ဖြစ်သည်။ ဝင်းဂါးသည် ရှော်လ်ကေး အသင်းမှ ပါရမီရှင် လူငယ် ကစားသမားလေး ဂျူလီယန် ဒရက်စ်လာကိုလည်း စိတ်ဝင်စားနေသည့်တိုင် ရှော်လ်ကေး၏ ဈေးနှုန်း သတ်မှတ်ချက်အတိုင်း ပေါင်စတာလင် သန်း(၄၀)ထိမူ ပေးချေဖွယ် မရှိဟု သိရှိရသည်။

Post a Comment