မီဆွတ် အိုဇေးလ် အပြောင်းအရွှေ့ကြောင့်
ရီးယဲလ်မက်ဒရစ် အသင်းနှင့် ပူးပေါင်း ရပ်တည်မှုကို တော့တင်ဟမ် ဟော့စပါးက
ပြန်လည် စဉ်းစားနေပြီဟု သိရသည်။
စပါးနှင့် ရီးယဲလ်တို့သည် ပြီးခဲ့သည့် နွေရာသီ လူကာမိုဒရစ်ကို ရောင်းချစဉ် ကတည်းက ကစားသမား အရောင်းအဝယ် ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် သဘော တူညီခဲ့သည်။ ယခုနွေရာသီတွင်လည်း စပါးသည် အဓိက ကစားသမား တစ်ဦးဖြစ်သော ဂါရတ်သ်ဘေးလ်ကို ရီးယဲလ်ထံသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၈၆)သန်းဖြင့် ရောင်းထုတ်ခဲ့သည်။ သို့သော်လည်း ရီးယဲလ်က ဂျာမန် လက်ရွေးစင် အိုဇေးလ်ကို စပါး၏ ခါးသီး မြို့ခံပြိုင်ဘက် အာဆင်နယ်ထံ ထွက်ခွာခွင့် ပေးလိုက်ခြင်းကို စပါးက အလွန်အမင်း ဒေါသထွက်နေခြင်း ဖြစ်သည်။
-------------------------------------------------------------------------------------------------------
ကမ္ဘာ့အဆင့် ကစားသမား တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံရသူ အိုဇေးလ်သည် စတာလင်ပေါင် (၄၂.၅)သန်းဖြင့် အာဆင်နယ်သို့ ရောက်ရှိလာခဲ့သည်။ စပါးနှင့် ရီးယဲလ်တို့သည် အတူတကွ ပူးပေါင်းအလုပ်လုပ်ဆောင်ပြီး ကစားသမားများ၊ နည်းပြအဖွဲ့များနှင့် ပတ်သက်၍ လေးစားမှုထားရန်၊ စီးပွားရေးအရ ဆက်နွယ်မှုများ ရှိစေရန် သဘောတူညီထားခဲ့သည်။ သို့သော်လည်း အိုဇေးလ် အပြောင်းအရွှေ့သည် ရီးယဲလ်ဘက်မှ သစ္စာဖောက်မှု တစ်ခုအဖြစ် စပါးက သဘောထားလျှက် ရှိသည်။
သတင်း အချို့က စပါး ဥက္ကဋ္ဌ ဒန်နီလီဗိုင်းသည် အိုဇေးလ် အပြောင်းအရွှေ့တွင် လိုက်လံဟန့်တားနိုင်ရန် ကြိုးပမ်းခဲ့သေးကြောင်းလည်း ဖော်ပြခဲ့သည်။ လက်ရှိအနေအထားအရ စပါးသည် ရီးယဲလ်နှင့် ဆက်ဆံရေး အပေါ် ပြန်လည် သုံးသပ်နေပြီး မိမိတို့သည် ရီးယဲလ်အတွက် ကစားသမားကောင်းများ မွေးထုတ်ပေးနေသည့် အဖြည့်ခံ ကလပ်မဟုတ်ဟု အသိပေး လမ်းခွဲလာဖွယ် ရှိနေကြောင်း နီးစပ် သူများက ပြောကြားခဲ့သည်။ "စပါးဟာ ရီးယဲလ်ရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရသလို ဖြစ်သွားတယ်။ ဒီအတွက် ဘယ်လိုအခြေအနေမှာမှ သည်းခံနေမှာ မဟုတ်ဘူး။ ခုဆိုရင် အသင်းက သဘောတူညီမှုကို ပြန်စဉ်းစားနေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ရီးယဲလ်က သူတို့ကို လေးစားမှု လုံးဝမထားဘူးလို့ ခံစားမိတာကြောင့်ပဲ"ဟု စပါး၏ အတွင်းလူ တစ်ဦးက မှတ်ချက်ပြု ပြောကြားသွားသည်။

Post a Comment