ခရစ္စတီယာနို ရော်နယ်လ်ဒို အနေဖြင့် လက်ရွေးစင် အသင်းအတွက် သွင်းဂိုး အများဆုံး ဒုတိယ နေရာသို့ အောင်မြင်စွာ ရောက်ရှိလာပြီ ဖြစ်သည်။
အသက်(၂၈)နှစ်ရှိ ရီးယဲလ် မက်ဒရစ် ကြယ်ပွင့်သည် မြောက်အိုင်ယာလန်ကို (၄-၂)ဖြင့် အနိုင်ရသည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် Hat-Trick ရခဲ့သည့်နောက် ပေါ်တူဂီ ဂန္ထဝင် ကစားသမားကြီး အူစီဘီယိုကို ကျော်တက်ကာ ဂိုးအများဆုံး သွင်းသူစာရင်း ဒုတိယ နေရာတွင် ရပ်တည် လာနိုင်ခြင်း ဖြစ်သည်။ ယခုအခါ ရော်နယ်လ်ဒိုထက် ပေါ်တူဂီ လက်ရွေးစင် သွင်းဂိုး ပိုမို ရရှိထားသူမှာ (၄၇)ဂိုး သွင်းထားသည့် ပက်ဒရို ပေါ်လက်တာ တစ်ဦးသာ ရှိတော့သည်။ ယခုအခါ ရော်နယ်လ်ဒိုက (၄၃)ဂိုး ရထားပြီး အူစီဘီယို၏ စံချိန်မှာ (၄၁)ဂိုး ဖြစ်သည်။
ရော်နယ်လ်ဒိုက လက်ရွေးစင် အသင်းအတွက် Hat-Trick သွင်းနိုင်ခဲ့သဖြင့် ဝမ်းသာမိကြောင်း ဖွင့်ဟခဲ့သည်။ "လက်ရွေးစင် အသင်းအတွက် တစ်ပွဲတည်း (၃)ဂိုးသွင်းနိုင်တာ ဒါက ပထမဆုံး အကြိမ်ပါ။ ကျွန်တော့်အတွက်တော့ သမိုင်းဝင် အခိုက်အတန့် တစ်ခုလည်း ဖြစ်ခဲ့တယ်။ ကလပ်အသင်း အဆင့်မှာ ကျွန်တော် ဒါကို ဖြစ်မြောက်အောင် လုပ်နိုင်ခဲ့ပေမယ့် လက်ရွေးစင် အဆင့်မှာတော့ အရင်က မပိုင်ဆိုင်ခဲ့ဖူးပါဘူး။ ကျွန်တော့်အတွက် ထူးခြားတဲ့ ခံစားချက်မျိုး ဖြစ်စေပါတယ်"ဟု သတင်းထောက်များအား ရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။

၎င်းက "ဂိုးသွင်းအများဆုံး စံချိန်ရှင် ဖြစ်လာဖို့ နီးစပ်လာပါပြီ။ ဒါပေမဲ့ ကျွန်တော် တကယ်တမ်း ဂုဏ်ယူမိတာက အူစီဘီယိုလို အထင်ကရ ကစားသမားကြီးကို လိုက်မီပြီး သူ့စံချိန်ကို ကျော်တက်နိုင်လို့ ဖြစ်ပါတယ်။ သူဟာ ပေါ်တူဂီ သမိုင်းမှာ ထာဝရ အထင်ရှားဆုံး ကစားသမားကြီး တစ်ယောက်ပါ။ သူ့ကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဆိုတဲ့အသိက ကျွန်တော့် ဂုဏ်ယူစိတ်ကို ခမ်းနားစေပါတယ်"ဟုလည်း ဖွင့်ဟခဲ့သည်။ ရော်နယ်လ်ဒိုက မိမိ၏ အောင်မြင်မှုကို ကွယ်လွန်ခဲ့ပြီဖြစ်သည့် ဖခင်အတွက် ရည်စူးကြောင်းလည်း ဆိုသည်။ "ဒီအောင်မြင်မှုကို ကျွန်တော်တို့ မိသားစုဆီကနေ လွန်ခဲ့တဲ့ (၈)နှစ်ကတည်းက ခွဲခွာသွားတဲ့ အဖေ့ကို ရည်ညွှန်းချင်ပါတယ်"ဟု ၎င်းက Twitterတွင် ရေးသားခဲ့သည်။

Post a Comment

 
Top