ယူ-၂၃ အသင်းကို (၂)နှစ်ကြာ ကိုင်တွယ်လာခဲ့တဲ့ ကိုရီးယား လူမျိုး နည်းပြကြီး ပတ်ဆောင်ဟွာဟာ သူ့ရဲ့ လက်ထက်မှာ အရဲဝံ့ဆုံး လူရွေးချယ်မှုတွေကို ယခုသွားရောက် ယှဉ်ပြိုင်နေတဲ့ မာဒေးကား ဖလား ပြိုင်ပွဲမှာ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းမှာ ယူ-၂၃ အသင်းဟာ ခြေစမ်းပွဲ (၄)ပွဲ ကစားခဲ့ပြီး တစ်ပွဲမှ မနိုင်ခဲ့တဲ့ နောက်မှာတော့ ပတ်ဆောင်ဟွာ အနေနဲ့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အပြောင်းအလဲ လုပ်ရမယ်လို့ သေချာပေါက် လက်ခံခဲ့ပုံ ရပါတယ်။ တစ်ကယ်လည်း ခြေစမ်းပွဲတွေ ကစားစဉ်က ကွင်းလယ်ပိုင်း အားနည်းမှုတွေ ဖြစ်နေခဲ့ပြီး နောက်ခံလူတွေ ဖြစ်တဲ့ ရန်အောင်ဝင်းနဲ့ ရဲဇော်ထက်အောင် တို့ကိုတောင် ကွင်းလယ် ဗဟိုမှာ တွဲပေးခဲ့ရတဲ့ အထိ အခြေအနေ ဆိုးခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ပတ်ဆောင်ဟွာဟာ သူတစ်ခါမှ မသုံးဖူးတဲ့ မျက်နှာသစ် ကွင်းလယ်လူတွေကို အသင်းထဲ ဆွဲသွင်းခဲ့ပြီး နေရာပေးခဲ့ပါတယ်။ ပွဲကြီးတွေ ယှဉ်ပြိုင် ကစားရခြင်း မရှိသေးပေမယ့် ကစားပြီးခဲ့တဲ့ ခြေစမ်းပွဲတွေမှာတော့ သူ့ရဲ့ ကွင်းလယ် အတွဲသစ်က အလုပ်ဖြစ်နေပါတယ်။ ပတ်ရဲ့ မာဒေးကား လူစာရင်းမှာ လက်ရွေးစင် တစ်ကြိမ်မှ မဖြစ်ဖူးခဲ့တဲ့ ကစားသမား (၃)ဦး ပါဝင်လာ ခဲ့ပါတယ်။ သူတို့တွေကတော့ ကွင်းလယ် အတွဲသစ် ဖြစ်တဲ့ ဆက်ဖြိုးဝေနဲ့ ဟိန်းဇာအောင်၊ လူငယ် နောက်ခံလူ ဇာနည်ထက်တို့ ဖြစ်တာကြောင့် သူတို့ရဲ့ အကြောင်းလေးတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။


အမည် = ဟိန်းဇာအောင်
အသက် = ၂၃ နှစ်
မွေးနေ့ = ၂၈.၆.၁၉၉၀
မွေးရပ် = ပဲခူးတိုင်း၊ ညောင်လေးပင် မြို့နယ်၊ ပြွန်တန်ဆာမြို့
အရပ်အမြင့် = ၅ ပေ ၁၀ လက်မ
ကစားသည့် နေရာ = ကွင်းလယ် ဗဟို၊ ကွင်းလယ် တိုက်စစ်
ကလပ် = မကွေး

ပြီးခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် ၂၀၁၃ ပြိုင်ပွဲမှာ (၁၃)ပွဲဆက် ရှုံးပွဲမရှိ စံချိန်တင်နိုင်ခဲ့တဲ့ မကွေးအသင်းရဲ့ ကွင်းလယ် ဗိုလ်ချုပ်ဖြစ်တဲ့ ဟိန်းဇာအောင်ကို ယူ-၂၃ အသင်း နည်းပြချုပ်
ပတ်ဆောင်ဟွာက မာဒေးကား ဖလားကို ၀င်ရောက် ယှဉ်ပြိုင်မယ့် လူစာရင်းမှာ ထည့်သွင်း ရွေးချယ်သွားခဲ့ပါတယ်။ ဒါဟာ ဟိန်းဇာအောင် အတွက်တော့ နိုင်ငံကိုယ်စားပြု ကစားသမား တစ်ဦးအဖြစ် ဒုတိယအကြိမ်မြောက် ရွေးချယ် ခံရတာ ဖြစ်ပါတယ်။ ဟိန်းဇာအောင် အနေနဲ့ ယူ-၁၈ အသင်းနဲ့ အတူ ၂၀၀၈ ခုနှစ်က မဲခေါင် ယူ-၁၈ ပြိုင်ပွဲကို ၀င်ရောက်ခဲ့ဖူးပေမယ့် ယူ-၂၃ အသင်းမှာတော့ ယခုမှ ပထမဆုံး အကြိမ်အဖြစ် ပါဝင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ ငွေခေတ် မြန်မာ့ လက်ရွေးစင် ကွင်းလယ်လူဟောင်း ဦးကြည်လွင်ရဲ့ တပည့်ရင်း ဖြစ်တဲ့ ဟိန်းဇာအောင်ဟာ ဆရာ့ဆီက ပညာတွေကို ကောင်းကောင်း ရခဲ့ဟန်ရှိပြီး သူ့ရဲ့ ကွင်းလယ်ကနေ ဘောလုံးဖြန့်ဝေပုံတွေ၊ နေရာယူပုံတွေ၊ ကစားကွက် ဖန်တီးပုံတွေဟာ အကောင်းဆုံး အနေအထားမှာ ရှိနေတယ် ဆိုတာကို မကွေးအသင်းရဲ့ ပွဲတွေကို ကြည့်ဖူးတဲ့ သူတိုင်း သိပါလိမ့်မယ်။ မကွေးအသင်းမှာ ပြသနေတဲ့ ဟိန်းဇာအောင်ရဲ့ ပါရမီတွေကို လျစ်လျူရှုနိုင်စွမ်း မရှိတော့တဲ့ နည်းပြချုပ် ပတ်ဆောင်ဟွာက ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် ပြင်ဆင်မယ့် ယူ-၂၃ ပဏာမ အသင်းမှာ ထည့်သွင်းရွေးချယ် ခဲ့ပါတယ်။ နည်းပြချုပ် ပတ်ဆောင်ဟွာ အနေနဲ့ ယူ-၂၃ အသင်းကို စတင် ခေါ်ယူစဉ်က ဟိန်းဇာအောင်ရဲ့ အနေအထားကို စမ်းသပ်ဖို့လောက်သာ ရည်ရွယ်ခဲ့ပေမယ့် သူ့ရဲ့ အရည်အသွေးကို အကဲခတ်မိ ခဲ့တာကြောင့် အမာခံ ကစားသမား တစ်ဦးအဖြစ် ခြေစမ်းပွဲတွေမှာ တောက်လျှောက် စမ်းသပ် ခဲ့ပါတယ်။ လက်ရွေးစင် အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာလည်း ပွဲထွက် ကစားသမား အဖြစ် ပါဝင်ခွင့် ရခဲ့ပြီး ခြေစွမ်းပြနိုင် ခဲ့တာကြောင့် မာဒေးကားဖလားပွဲ ၀င်မယ့် မြန်မာ ယူ-၂၃ အသင်းမှာလည်း ပါဝင်ခွင့် ရခဲ့ပါတယ်။



၁၉၉၀ ခုနှစ်က ပဲခူးတိုင်း၊ ပြွန်တန်ဆာ မြို့မှာ မွေးဖွားခဲ့တဲ့ ဟိန်းဇာအောင်က ခုချိန်မှာ အသက် (၂၃)နှစ် ရှိနေပြီ ဖြစ်ပါတယ်။ မိဘနှစ်ပါးလုံးက ပဲခူးတိုင်း လက်ရွေးစင်တွေ ဖြစ်တဲ့ အတွက် ဟိန်းဇာအောင်မှာ ဘောလုံးကို ချစ်တဲ့ စိတ်တွေ ငယ်စဉ်ကတည်းက ရှိခဲ့ပြီး မိဘတွေကလည်း အားပေးခဲ့တာကြောင့် အသက် (၁၆)နှစ် အရွယ်မှာပဲ အဆင့်မြင့်တန်း ပြိုင်ပွဲဝင် အသင်းတစ်သင်း ဖြစ်တဲ့ မြို့တော်စည်ပင် အသင်းကို ရောက်ရှိခဲ့ပါတယ်။ မြို့တော်စည်ပင် အသင်းကို ရောက်ခဲ့တာဟာ ဟိန်းဇာအောင်အတွက် ကံကောင်းခဲ့ပြီး အဲဒီမှာပဲ ဆရာအရင်း ဖြစ်လာမယ့် ဦးကြည်လွင်နဲ့ ဆုံစည်းခဲ့ပါတယ်။ ဟိန်းဇာအောင် အနေနဲ့ မြို့တော် စည်ပင် အသင်းကို ရောက်ရောက်ချင်းမှာ အသင်းကြီးအတွက် ကိုယ်စားပြုခွင့် ရခဲ့တာတော့ မဟုတ်ပါဘူး။ လူငယ် အသင်းမှာ အရင်ဆုံး ကစားခဲ့ရပါသေးတယ်။ ဒါပေမဲ့ ခြေစွမ်းခြေစရှိတဲ့ ဟိန်းဇာအောင်ဟာ လူငယ် အသင်းမှာ (၁)နှစ်သာ ကစားခဲ့ရပြီး နောက်နှစ်မှာတော့ အသင်းကြီးကို ရောက်ရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် မြန်မာနေရှင်နယ်လိဂ် စတင်ချိန်မှာ ဟိန်းဇာအောင် အနေနဲ့ ဆရာရင်းရှိတဲ့ မကွေးအသင်းကို ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ လူငယ်လေး တစ်ယောက်သာ ဖြစ်နေသေးတဲ့ ဟိန်းဇာအောင်ဟာ မကွေးအသင်းမှာ လွင်ဦးနဲ့ ဇော်ထက်အောင် တို့လို စီနီယာ ကစားသမားတွေ ရှိနေခဲ့တာမို့ ပွဲထွက်ခွင့်နဲ့ အလှမ်းဝေးနေခဲ့ရပြီး ကြိုးစား သင်ယူမှုတွေကိုသာ ပြုလုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ "ပတ္တမြား မှန်ရင် နွံမနစ်ဘူး" ဆိုတဲ့ စကားအတိုင်း နောက်ပိုင်းနှစ်တွေ မှာတော့ အဓိက ကစားသမား တစ်ဦးအဖြစ် တဖြည်းဖြည်း နေရာရလာခဲ့ပါတယ်။ စိုးမြတ်မင်းနဲ့ အင်နီယက်စတာတို့ကို အားကျတယ်လို့ ဆိုခဲ့တဲ့ ဟိန်းဇာအောင် တစ်ယောက် သူရဲ့ ရည်မှန်းချက် အတိုင်း လက်ရွေးစင် အသင်းရဲ့ ဒေါင်ဒေါင်မြည် ကစားသမား တစ်ယောက် ဖြစ်လာမလား၊ အနီးဆုံး ပြိုင်ပွဲဖြစ်တဲ့ မာဒေးကား ဖလားမှာ ခြေစွမ်းပြပြီး ဆီးဂိမ်းစ်မှာ အဓိက ကစားသမား တစ်ယောက်အဖြစ် ပါဝင်နိုင်ဖို့ အတွက် နည်းပြချုပ် ပတ်ဆောင်ဟွာရဲ့ ယုံကြည်မှုကို အရယူနိုင်မလား ဆိုတာကတော့......

အမည် = ဇာနည်ထက်
အသက် = ၁၉ နှစ်
မွေးနေ့ = ၄.၆.၁၉၉၄
မွေးရပ် = သန်လျှင်မြို့
အရပ်အမြင့် = ၅ ပေ ၅ လက်မ
ကစားသည့် နေရာ = ခံစစ် အစွန်၊ ကွင်းလယ် တောင်ပံ
ကလပ် = ရန်ကုန် ယူနိုက်တက်

မာဒေးကား ပြိုင်ပွဲဝင် အသင်းမှာ နောက်ထပ် စောင့်ကြည့်ရမယ့် ကစားသမား ကတော့ ရန်ကုန် ယူနိုက်တက်ရဲ့ ဘယ်နောက်ခံ ကစားသမား ဖြစ်တဲ့ ဇာနည်ထက်ပါ။ ဇာနည်ထက်ဟာ ရန်ကုန် ယူနိုက်တက် အကယ်ဒမီက ပေါ်ထွက်ခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အကယ်ဒမီ အသင်း၊ အရံအသင်း တွေကနေ အသင်းကြီးအထိ အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့သူပဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် လူငယ် အသင်းပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဇာနည်ထက်ဟာ ၂၀၁၃ အရောက်မှာတော့ အသင်းကြီး လူစာရင်းထဲ ပါဝင်ခွင့် ရခဲ့ပါတယ်။ လူငယ် ကစားသမား တစ်ယောက်အတွက် အသင်းကြီးကို ရောက်တာဟာ အတွေ့အကြုံ ယူဖို့ သက်သက်လို့ ပြောနိုင်ပေမယ့် ပင်ကိုယ် အရည်အချင်း မြင့်မားတဲ့ ဇာနည်ထက်ကို ကံကြမ္မာက ဖေးမခဲ့ပါတယ်။ အသင်းခေါင်းဆောင် ခင်မောင်လွင်နဲ့ ပြည့်ဖြိုးအောင်တို့ ကာလရှည် ဒဏ်ရာကိုယ်စီနဲ့ နားရချိန်မှာတော့ ဇာနည်ထက်အတွက် အခွင့်အရေးတွေက ရောက်လာခဲ့ပါပြီ။ ညာသန် ကစားသမား တစ်ယောက် ဖြစ်ပေမယ့် ဘယ်နောက်ခံ နေရာမှာ ကြိုးစား ကစားရင်း အကောင်းဆုံး ခြေစွမ်းပြနိုင် ခဲ့တာကြောင့် နည်းပြတွေ၊ ကစားဖော်တွေနဲ့ ပရိသတ်တွေ၊ ဘောလုံး ကျွမ်းကျင်သူတွေရဲ့ ချီးကျူးမှုကို ခံယူနိုင် ခဲ့ပါတယ်။ ဇာနည်ထက်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ဘောလုံးရာသီမှာ ရန်ကုန် ယူနိုက်တက် အသင်းကြီးနဲ့အတူ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ၀င်ရောက် ကစားခဲ့ပြီး ချန်ပီယံဆု ရယူနိုင်ခဲ့သလို AFC Cup အုပ်စုပွဲစဉ်တွေမှာလည်း ပွဲထွက် ကစားသမား အဖြစ် ခြေစွမ်းပြနိုင် ခဲ့ပါတယ်။ ဒီခြေစွမ်းတွေ ကြောင့်ပဲ ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ နည်းပြချုပ် ပတ်ဆောင်ဟွာက သူ့ရဲ့ ပဏာမ အသင်းထဲကို ခေါ်သွင်းခဲ့ပါတယ်။ ခြေစမ်းပွဲတွေနဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဇာနည်ထက်ဟာ ခုချိန်မှာတော့ မာဒေးကား ပြိုင်ပွဲကို ၀င်ရောက်မယ့် ယူ-၂၃
အသင်းမှာ အပြီးသတ် ရွေးချယ်ခြင်းကို ခံထားရပြီ ဖြစ်ပါတယ်။



ဇာနည်ထက်ကို ၁၉၉၄ ခုနှစ် ဇွန်လ (၄)ရက်က သန်လျှင်မှာ မွေးခဲ့ပါတယ်။ မိဘမောင်ဖွားတွေ ထဲမှာ ဘောလုံးမျိုးရိုး မရှိပေမယ့် တစ်မိပေါက် တစ်ယောက်ထွန်း ဆိုသလို ဖြစ်တဲ့
ဇာနည်ထက်ဟာ ဘောလုံးမှာ ငယ်စဉ်ကတည်းက ထူးချွန်ခဲ့ပါတယ်။ အသက် (၁၀)နှစ်မှာ ဘောလုံး စကစား ခဲ့ပြီး ဒေါပုံမြို့နယ် ယူ-၁၃ လက်ရွေးစင် ဖြစ်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ ရန်ကုန် ယူနိုက်တက် အကယ်ဒမီရဲ့ ကစားသမား တစ်ဦး ဖြစ်လာခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ အရံအသင်းမှာ စတင် ပါဝင်ခွင့် ရလာခဲ့ပါတယ်။ ၂၀၁၂ ဘောလုံးရာသီ လူငယ် အသင်း ပြိုင်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့်ပဲ ၂၀၁၂ လူငယ်ပြိုင်ပွဲရဲ့ ဒုတိယ အကောင်းဆုံး ကစားသမားဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒီ့နောက်မှာတော့ ဇာနည်ထက်ကို အသင်းကြီး လူစာရင်းမှာ ထည့်သွင်းခဲ့ပြီး စီနီယာ ကစားသမား ဖြစ်တဲ့ ပြည့်ဖြိုးအောင်တို့ ဒဏ်ရာရသွားခဲ့တဲ့ ဧရာဝတီ ယူနိုက်တက် အသင်းနဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်မှာ အသင်းကြီးအတွက် ပထမဆုံး လူစားဝင် ကစားခွင့် ရခဲ့ပါတယ်။ ဧရာဝတီနဲ့ ပွဲအပြီး နောက်တစ်ပွဲ ဖြစ်တဲ့ ကမ္ဘောဇနဲ့ ပွဲမှာပဲ ဇာနည်ထက်ဟာ အသင်းကြီးနဲ့ ပွဲထွက်ခွင့် ရခဲ့ပါတယ်။ ဒီပွဲမှာ ဇာနည်ထက် ခြေစွမ်း ပြနိုင်ခဲ့ပေမယ့် အသင်းကတော့ နိုင်ပွဲမရ ခဲ့ပါဘူး။ ဇာနည်ထက်ကို နည်းပြချုပ် အိုင်ဗန်ကိုလက်ဗ်က ပွဲထွက် ကစားသမား အဖြစ် ယုံယုံကြည်ကြည်နဲ့ အသုံးပြုခဲ့သလို သူကလည်း ထိုက်တန်တဲ့ ခြေစွမ်းကို ပြနိုင်ခဲ့တာကြောင့် အသင်းကြီးမှာ ပုံမှန်နေရာ ရယူနိုင်ခဲ့ ပါတယ်။ ဒီလူငယ်လေးဟာ ပြည်တွင်း ပြိုင်ပွဲမှာတင် မကပဲ AFC Cup ပြိုင်ပွဲမှာပါ တည်တည်ငြိမ်ငြိမ်နဲ့ ခြေစွမ်းပြနိုင် ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အာရုံကို ဆွဲဆောင်နိုင်လာ ခဲ့ပါတယ်။ ခံစစ် အစွန်ကို ဘယ်၊ ညာ နှစ်ဘက်စလုံး ကစားနိုင်တဲ့ ဒီကစားသမားလေးဟာ အသင်းခေါင်းဆောင် ခင်မောင်လွင် ဒဏ်ရာက သက်သာလာချိန်မှာတောင် ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ခြင်း မရှိဘဲ အသင်းရဲ့ ခံစစ်ကြောင်းမှာ အဓိက ကစားသမားအဖြစ် ရာသီကုန်ချိန် အထိ အသင်းကြီးမှာ တောက်လျှောက် ပွဲထွက်ခွင့် ရခဲ့ပါတယ်။ ဒီလို ခြေစွမ်းပြခဲ့တဲ့ ဇာနည်ထက်ကို ရာသီ ကုန်ချိန်မှာတော့ ဆီးဂိမ်းစ် အတွက် ပြင်ဆင်နေတဲ့ ယူ-၂၃ အသင်းရဲ့ နည်းပြချုပ် ပတ်ဆောင်ဟွာက ယူ-၂၃ အသင်းကို ခေါ်ယူခဲ့ပါတယ်။ လက်ရှိမှာတော့ ဇာနည်ထက်ဟာ မာဒေးကားဖလား ပြိုင်ပွဲဝင်မယ့် မြန်မာ ယူ-၂၃ အသင်းနဲ့အတူ မလေးရှား နိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ပြည်ပမှာ ဘာစီလိုနာက ဒန်နီရယ်အဲလ်ဗက်စ်ကို သဘောကျပြီး ပြည်တွင်းမှာတော့ သူ့ထက် စီနီယာကျတဲ့ ယူ-၂၃ ကစားဖော် ရန်အောင်ဝင်းကို အားကျတယ် ဆိုတဲ့ ဇာနည်ထက်တစ်ယောက် သူ့ရဲ့ လက်ရွေးစင်ဘ၀ ပထမဆုံး ပြိုင်ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြပြီး မြန်မာ အသင်းကို ကူညီပေးနိုင်မလား ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမှာပါ။

အမည် = ဆက်ဖြိုးဝေ
အသက် = ၁၉
မွေးနေ့ = ၅.၁၂.၉၄
မွေးရပ် = ပဲခူးမြို့
အရပ်အမြင့် = ၅ ပေ ၅ လက်မ
ကစားသည့် နေရာ = ကွင်းလယ်ဗဟို
ကလပ် = ရန်ကုန် ယူနိုက်တက် (လူငယ်)

ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပဏာမ လက်ရွေးစင် အသင်းရဲ့ လူစာရင်းကို ထုတ်ပြန်လိုက်ချိန်မှာ မထင်မှတ်ထားတဲ့ ကစားသမားတွေ
ပါဝင်လာခဲ့ပါတယ်။ ဒီအတွက် နယ်ပယ်စုံက ဝေဖန်သံတွေ ထွက်လာခဲ့ပြီး ကစားသမား ရွေးချယ်ခဲ့တဲ့ နည်းပြချုပ် ပတ်ဆောင်ဟွာကိုလည်း ပြစ်တင်မှုတွေ ရှိခဲ့ပါတယ်။ ပါနေကျ
ကွင်းလယ်လူတွေ မပါခဲ့တဲ့ အချက်ကို ဝေဖန်မှုက အကျယ်လောင်ဆုံး ဖြစ်ခဲ့ပါတယ်။ ဒီအထဲမှာမှ မြန်မာနေရှင်နယ်လိဂ်မှာ တစ်ပွဲမှ မကစားဖူးတဲ့ လူငယ် ကစားသမား တစ်ယောက်ကို ရွေးချယ်ခဲ့တော့ အားလုံးက အံသြတကြီး ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ပတ်ဆောင်ဟွာဟာ သူ့ရွေးချယ်မှုကို ယုံကြည်မှု အပြည့် ရှိပုံရပါတယ်။ ဒါကြောင့် "သူက လူငယ်အသင်းက ဆိုတော့ အသင်းကြီးမှာ ကစားနေသူတွေနဲ့ နည်းနည်းတော့ ကွာခြားမှု ရှိကောင်းရှိနိုင်ပါတယ်။ သူကစားတာကို ကျွန်တော် မြင်ဖူးပါတယ်။ ကျွန်တော် သူ့ကစားပုံကို အရမ်း သဘောကျပါတယ်"လို့ မီဒီယာတွေ ရှေ့မှာ ထုတ်ဖော် ချီးကျူးခဲ့ဖူးပါတယ်။ ဒီကစားသမားလေး ကတော့ ဆက်ဖြိုးဝေပါ။ ရန်ကုန် ယူနိုက်တက် လူငယ် အသင်းမှာ ခြေစွမ်းပြနေတဲ့ သူ့ကို နည်းပြချုပ် ပတ်ဆောင်ဟွာက သွားရောက် စောင့်ကြည့်ပြီး သဘောကျလို့ ခုလိုမျိုး မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ ကစားနေတဲ့ ကစားသမားတွေ နဲ့အတူ ပဏာမ လူစာရင်းမှာ ထည့်သွင်းရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။ ပတ်ဆောင်ဟွာ မျှော်မှန်းခဲ့သလိုပဲ ဆက်ဖြိုးဝေကလည်း မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတွေနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် မာဒေးကား ဖလားပွဲ မသွားမီ နောက်ဆုံး ခြေစမ်းပွဲ ဖြစ်တဲ့ လက်ရွေးစင် အသင်းကြီးနဲ့ ခြေစမ်းပွဲမှာ ပွဲထွက် ကစားခွင့် ရခဲ့တဲ့ အပြင် မာဒေးကား ဖလားပြိုင်ပွဲ ၀င်မယ့် လူစာရင်းမှာပါ ထည့်သွင်း ရွေးချယ်ခြင်းကို ခံခဲ့ရပါတယ်။



ဆက်ဖြိုးဝေကို ၁၉၉၄ ခုနှစ်က ပဲခူးမြို့မှာ မွေးပါတယ်။ ငယ်စဉ်ကတည်းက ဘောလုံး ကစားတာကို ၀ါသနာပါခဲ့တဲ့ ဆက်ဖြိုးဝေဟာ (၄)တန်းအရောက်မှာ သူတက်နေတဲ့ အ.ထ.က(၄) ပဲခူးရဲ့ ကျောင်းလက်ရွေးစင် ဖြစ်နေခဲ့ပါပြီ။ ကျောင်းသား ပွဲတွေမှာ အစဉ်တစိုက် ခြေစွမ်းပြနေတဲ့ ဆက်ဖြိုးဝေဟာ အသက် (၁၅)နှစ် အရွယ်မှာတော့ ရန်ကုန် အား/ကာ သိပ္ပံရဲ့ သင်တန်းသား တစ်ဦး ဖြစ်လာခဲ့ပါတယ်။ အား/ကာ သိပ္ပံက ဆရာတွေ ပဲခူးကို ဆင်းလာပြီး လူငယ်ဘောလုံး သမား ရှာဖွေရာမှာ ဆက်ဖြိုးဝေရဲ့ ခြေစွမ်းကို မြင်တွေ့သဘောကျပြီး ရွေးချုယ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဆက်ဖြိုးဝေဟာ အား/ကာ သိပ္ပံမှာ သိပ်မကြာခဲ့ဘဲ နောက်ပိုင်းမှာ ရန်ကုန် ယူနိုက်တက်ရဲ့ အကယ်ဒမီမှာ အသင်းသာ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် အရံအသင်း ပြိုင်ပွဲမှာတော့ ဆက်ဖြိုးဝေဟာ ပွဲထွက်ခွင့် ပုံမှန်ရတဲ့ ကစားသမား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ အရံပြိုင်ပွဲမှာလည်း အဓိက ကစားသမား ဖြစ်ခဲ့သလို လက်ရှိ ကျင်းပဆဲ ဖြစ်တဲ့ ၂၀၁၃ ခုနှစ် လူငယ်ပြိုင်ပွဲမှာလည်း ဆက်ဖြိုးဝေဟာ ရန်ကုန် လူငယ်အသင်းရဲ့ကွင်းလယ် ဗိုလ်ချုပ်တစ်ယောက် အဖြစ် အရေးကြီးတဲ့ နေရာကနေ ခြေစွမ်းပြနေခဲ့ပါတယ်။ ဆက်ဖြိုးဝေဟာ လက်ရှိမှာ မာဒေးကား ပြိုင်ပွဲဝင်မယ့် ယူ-၂၃ အသင်းမှာ ရွေးချယ် ခံရပြီး ဖြစ်ပေမယ့် ဆီးဂိမ်းစ် ပြိုင်ပွဲကို ၀င်နွှဲပြီး မြန်မာအသင်းအတွက် ရွှေတံဆိပ် ရယူပေးနိုင်ဖို့ ကသာ အဓိက ရည်မှန်းချက်လို့ ဆိုခဲ့တာကြောင့် သူရဲ့ရည်မှန်းချက်တွေ ဖြစ်မဖြစ်ကို ဆက်လက် စောင့်ကြည့် ရမှာပဲ ဖြစ်ပါတယ်။

Last Updated on Saturday, 07 September 2013 17:17
 



























Post a Comment

 
Top