လူငယ် ကစားသမားလေး များထက် ကြယ်ပွင့်
နာမည်ကျော် များကိုသာ နေရာပေးလေ့ ရှိသည့် ရီးယဲလ်မက်ဒရစ် အသင်းအတွက် နေမာ့
ကိစ္စသည် သင်ခန်းစာကောင်း တစ်ခု ဖြစ်လာဖွယ် ရှိနေသည်။
ဘာစီလိုနာ အသင်းက ပေါင်စတာလင် သန်း(၅၀)ဖြင့် ခေါ်ယူသွားသည့် ကစားသမားလေးကို လွန်ခဲ့သည့် နှစ်အတန်ကြာက ရီးယဲလ်က ကမ်းလှမ်းခေါ်ယူခွင့် ရရှိခဲ့သော်လည်း ဘရာဇီးလ်၏ ပါရမီရှင် ချာတိတ်လေးကို ပေါင်စတာလင် (၅၀၀၀၀) မတန်ဟု ဆုံးဖြတ်ခဲ့ခြင်းကြောင့် လက်လွတ်ခဲ့ရသည်။ ထို့နောက် ဆန်းတို့စ်နှင့်အတူ နေမာ အောင်မြင်လာချိန်တွင် ရီးယဲလ်က အသည်းအသန် ချိတ်ဆက်ခဲ့သော်လည်း ကစားသမားကမူ ရီးယဲလ်၏ ခါးသီးပြိုင်ဘက်ကြီး ဘာစီလိုနာကိုသာ ရွေးချယ်သွားခဲ့သည်။
(၂၀၀၆)ခုနှစ်က အသက်(၁၄)နှစ်သာ ရှိသေးသော နေမာကို ရီးယဲလ်အနေဖြင့် ဝယ်ယူနိုင်ကြောင်း အေးဂျင့်များက ချိတ်ဆက်ခဲ့သော်လည်း စပိန်နိုင်ငံ၏ မက်ဒရစ်မြို့တော် အခြေစိုက် အသင်းကြီးက စိတ်မဝင်စားခဲ့ချေ။ ဂါရတ်သ်လေးလ်နှင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ နှစ်ဦးအတွက် ပြောင်းရွှေ့ကြေးချည်းသက်သက် စတာလင်ပေါင် (၁၆၆)သန်း အကုန်အကျ ခံဖူးသည့် ရီးယဲလ်အတွက် ပေါင်စတာလင် (၅၀၀၀၀)ဆိုသည်မှာ စာရင်းထဲပင် မထည့်သည့် ငွေပမာဏမျိုး ဖြစ်သော်လည်း လူငယ် တစ်ဦးအတွက် ထိုမျှလောက်ပင် ရင်းနှီးမြှုပ်နှံရန် ဆန္ဒမရှိခဲ့ခြင်းကြောင့် နောင်တရစရာ ဖြစ်သွားခဲ့သည်။
ထိုစဉ်က လက်ရှိ ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်သည် ပထမအကြိမ် အသင်းကို တာဝန်ယူနေရာမှ ထွက်ခွာသွားပြီးစ ဖြစ်နေပြီး အသင်း၏ နည်းစနစ် အတွင်းရေးမှူး ရေမွန်မာတီနက်ဇ်က နေမာကို ခေါ်ယူရန် အဓိက ချိတ်ဆက် ကြိုးပမ်းခဲ့သည်။ သို့သော် အသင်းအမှုဆောင်ချုပ် ကားလို့မာတီနက်ဇ်ဒီ အယ်လ်ဘွန်နော့ဇ်က ဘရာဇီးလ် လူငယ်လေးကို ပေါင်စတာလင် (၅၀၀၀၀) မတန်ဟု ဆုံးဖြတ်ကာ ပယ်ချခဲ့ခြင်းကြောင့် အပြီးသတ် စာချုပ်ရန် ကိစ္စမှာ ပျက်ပြယ်သွားခဲ့သည်။ အဆိုပါ ဖြတ်ပိုင်းဟောင်းလေးသည် ယခုအချိန်တွင် ရီးယဲလ်ကို ခြောက်လှန့်နေမည့် အတိတ်ပုံရိပ်တစ်ခု ဖြစ်လာသည်။
ယခုနှစ် နွေရာသီ ဈေးကွက်တွင်မူ ဘာစီလိုနာသည် ရီးယဲလ်အသင်း ပေးချေရန် တွန့်တိုခဲ့မိသည့် ဈေးနှုန်းထက် အဆ(၁၀၀၀) ပိုပေးကာ နေမာကို စာချုပ်သွားခဲ့သည်။ ထိုစဉ်က နေမာသည် မက်ဒရစ်ထိ ရောက်လာပြီး အောင်မြင်သော အစမ်းသပ်ခံ လေ့ကျင့်မှု တစ်ခုပင် ပြုလုပ်ခဲ့ပြီးမှ ရီးယဲလ်က ပယ်ချသဖြင့် ဘရာဇီးလ် ပြန်သွားရခြင်း ဖြစ်သည်။ ထိုစဉ်က အသင်း၏ အားကစား ဒါရိုက်တာ တာဝန်ယူခဲ့သည့် အယ်လ်ဘာတို ဂီရဲလ်ဒက်ဇ်က "အဲဒီတုန်းက နေမာက မက်ဒရစ်မှာ ဆက်နေချင်တယ်။ ကျွန်တော်တို့ကလည်း သူ့ကို မြို့ထဲမှာ နေထိုင်ခွင့်အတွက်တောင် မှတ်ပုံတင်ပြီးပြီ။ သူဟာ ကွဲပြားတဲ့ အရည်အသွေးတွေ ရှိနေကြောင်း ကျွန်တော်တို့ သတိပြုခဲ့မိတယ်။ နေမာကို လက်လွှတ်လိုက်ရတာတော့ ရီးယဲလ်ရဲ့ သမိုင်းဝင် အမှားပါပဲ။ တကယ်ဆို သူဟာ ကျွန်တော်တို့ရဲ့ လီယွန်နယ်လ် မက်ဆီ ဖြစ်လာသင့်တာလေ"ဟု မှတ်ချက်ပြုသွားသည်။

Post a Comment