မော်ရို ဖယ်လိုင်နီသည် ဒေးဗစ် မိုယက်စ်ကို အသင်း၏ အောင်မြင်မှုရရှိစေရန် ကူညီဆောင်ရွက်ပေးမည့်သူ ဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက် လက်ထောက်မန်နေဂျာ စတိဗ်ရောင်းဒ်က ထောက်ခံ ပြောကြားလိုက်သည်။
မိုယက်စ်သည် ယခုနှစ် နွေရာသီက အိုးထရတ်ဖို့ဒ်တွင် တာဝန် ထမ်းဆောင်ရန် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ကွင်းလယ်ကစားသမား ဖယ်လိုင်နီကလည်း အပြောင်းအရွှေ့ နောက်ဆုံး ရက်တွင် အဲဗာတန်မှ ထွက်ခွာကာ ယူနိုက်တက်နှင့် ပူးပေါင်းခဲ့သူ ဖြစ်သည်။



ဂွတ်ဒီဆင်ပတ်ခ်တွင် မိုယက်စ်နှင့် လက်တွဲခဲ့သည့် ရောင်းဒ်က ဖယ်လိုင်နီတွင် ယူနိုက်တက် အတွက် အောင်မြင်မှုများ ရယူပေးနိုင်မည့် အရည်အသွေးများ ရှိသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲသည်။

“မော်ရိုဟာ အသင်းမှာ အလျင်အမြန် အထိုင်ကျပြီး ယူနိုက်တက်ရဲ့ အောင်မြင်မှုတွေအတွက် အစိတ်အပိုင်း တစ်ရပ်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ရောင်းဒ်က မန်ချက်စတာ ညနေခင်းသတင်း နေ့စဉ်သတင်းစာထံ ပြောကြားခဲ့သည်။

ဆက်လက်ပြီး “အိုးထရတ်ဖို့ဒ်ကို ဒေးဗစ် ရောက်ခဲ့ပြီး အသင်းလူစာရင်းကို ကြည့်ပြီးတဲ့နောက် ကွင်းလယ်ဗဟို အတွက် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိတဲ့ ကစားသမားတစ်ယောက် ခေါ်ယူဖို့ လိုအပ်တယ်လို့ စဉ်းစားခဲ့ပါတယ်။ ဒါကြောင့် ဂိုးပါသွင်းနိုင်တဲ့ မော်ရိုကို ယူနိုက်တက်က ဝယ်ယူခဲ့တာဟာ အလွန်ကို ကောင်းမွန်တဲ့ ဝယ်ယူမှုတစ်ရပ်ဖြစ်ပါတယ်” ဟု ရောင်းဒ်က သုံးသပ်ပြောကြားခဲ့သည်။

Post a Comment

 
Top