ဂါရတ်ဘေးလ်သည် ကမ္ဘာ့ ဈေးအကြီးဆုံး ကစားသမား ဖြစ်သော်လည်း ရီးယဲ မက်ဒရစ်တွင် ပွဲထွက် ကစားခွင့် ရရန် မသေချာကြောင်း လက်ထောက် နည်းပြ ပေါလ်ကလီမင့်က ပြောကြားလိုက်သည်။

ဝေးလ် လက်ရွေးစင် ကစားသမား ဘေးလ်သည် တော့တင်ဟမ်မှ ရီးယဲမက်ဒရစ်သို့ စတာလင်ပေါင် ၈၅.၃ သန်းဖြင့် ပြောင်းရွှေ့လာပြီး စက်တင်ဘာလ ၁၄ ရက်တွင် ဗီလာရီးယဲနှင့် ကစားမည့်ပွဲစဉ်၌ ပွဲထွက် ကစားခွင့် ရဖွယ်ရှိသည်
သို့ရာတွင် ကလီမင့်က “အသင်းမှာ နေရာ ရဖို့အတွက် အပြင်းအထန် ယှဉ်ပြိုင်ရပါမယ်။ ပွဲထွက်ကစားခွင့် ရဖို့ ဘယ်ကစားသမားမှ အာမခံချက် မရှိပါဘူး။ နည်းပြ ကာလို အန်ဆင်လော့တီမှာတော့ ဘေးလ်ကို ဘယ်လိုသုံးမလဲဆိုတဲ့ စိတ်ကူး ရှိပါတယ်။ ဒါပေမဲ့ အရာရာတိုင်းဟာ ပြောင်းလဲနိုင်ပါတယ်” ဟု BBC Sport ထံ ပြောကြားခဲ့သည်။

ဘေးလ်သည် တော့တင်ဟမ်သို့ မပြောင်းရွှေ့မီ ဆောက်သမ်တန်အသင်း၏ ဘယ်နောက်ခံ ကစားသမား တစ်ဦးအနေဖြင့် ၎င်း၏ ကစားသမားဘဝကို စတင်ခဲ့သူဖြစ်သည်။ တော့တင်ဟမ်ကို အန်ဒရီ ဗီလာ့စ် ဘိုအာ့စ် ကိုင်တွယ်ပြီးနောက်တွင် ဘေးလ်ကို တိုက်စစ်ပိုင်း၌ အသုံးပြုခဲ့ပြီး ၎င်းသည် ပြီးခဲ့သည့်နှစ် ဘောလုံးရာသီက ပရီးမီးယားလိဂ်တွင် ၂၁ ဂိုး သွင်းယူနိုင်ခဲ့သည်။

ဘေးလ်ကဲ့သို့ပင် ရီးယဲမက်ဒရစ်သို့ ပြောင်းရွှေ့လာခဲ့သည့် မန်ချက်စတာယူနိုက်တက် တောင်ပံတိုက်စစ် ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုသည် ပြီးခဲ့သည်နှစ် ဘောလုံးရာသီက လာလီဂါတွင် ၃၄ ဂိုး သွင်းယူခဲ့ပြီး မေလကလည်း ဘာနေဗျူးတွင် ကစားသည့် လေးနှစ်တာ ကာလအတွင်း ၂၀၀ မြောက် ဂိုးကို သွင်းယူနိုင်ခဲ့သည်။

Post a Comment

 
Top