မန်ချက်စတာ ယူနိုက်တက် အသင်းသည် ကမ္ဘာ့စံချိန်တင် အသင်းဂျာစီ စပွန်ဆာ စာချုပ်တစ်ရပ်အတွက် Nikeနှင့် ဆက်လက် ဆွေးနွေးနေဆဲဟု သိရှိရသည်။
အင်္ဂလန် ချန်ပီယံ အသင်း၏ အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်သည် (၆)လကြာမြင့်သည်အထိ အမေရိကန် အားကစား အမှတ်တံဆိပ် ကုမ္ပဏီကြီးနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီး အပြီးသတ် သဘောတူညီမှုမျိုးမူ မရရှိသေးချေ။ ယခုညှိနှိုင်းမှုတွင် စပွန်ဆာ တန်ကြေးသည် ကမ္ဘာပေါ်တွင် ပထမဆုံး အကြိမ် ပေါင်စတာလင် ဘီလျံနှင့်ချီ များပြားသည့် ဂျာစီစာချုပ် ဖြစ်လာနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ယူနိုက်တက်နှင့် Nikeတို့ကြား လက်ရှိစာချုပ်သည် (၁၃)နှစ် သက်တမ်းရှိပြီး နောက်နှစ် ဘောလုံး ရာသီ အကုန်တွင် ပြီးဆုံးမည် ဖြစ်သည်။
အဆိုပါ စာချုပ်၏ တန်ကြေးသည် ပေါင်စတာလင် (၃၀၃)သန်း ရှိခဲ့သော်လည်း အလားတူ အချိန်ကြာမြင့်မှုမျိုးအတွက် နောက်ထပ် စာချုပ်သစ် ချုပ်ဆိုပါက ထိုစာချုပ်တန်ဖိုးထက် (၄)ဆမျှ မြှင့်တင်ပေးရန် ယူနိုက်တက် တောင်းဆိုထားသည်။ ယခုအခါ မူလစာချုပ်ပါ သတ်မှတ်ချက်အရ စာချုပ်သက်တမ်း လက်ကျန် (၁၈)လအတွင်း ယူနိုက်တက် အနေဖြင့် အခြားသော ကုမ္ပဏီများနှင့် ညှိနှိုင်းခွင့် ရရှိကြောင်း သတ်မှတ်ထားရာ ယခုအခါ အဆိုပါ ကာလ အပိုင်းအခြားသို့ ဝင်ရောက်လာပြီ ဖြစ်သည်။ ယူနိုက်တက်ကဲ့သို့ ကမ္ဘာကျော် ဘောလုံးအသင်းကြီး တစ်ခုအား စပွန်ဆာ ပေးနိုင်မည့် အခွင့်အရေးသည် Nike၏ ပြိုင်ဘက် ကုမ္ပဏီများအတွက် ဆွဲဆောင်မှု တစ်ခုလည်း ဖြစ်လာသည်။
သို့သော်လည်း Nikeအတွက် ကံကောင်းသည့် အချက်တစ်ခုမှာ Pumaက အာဆင်နယ်ကိုလည်းကောင်း၊ Adidasက ချယ်လ်ဆီးကိုလည်းကောင်း၊ Warriorက လီဗာပူးလ်ကိုလည်းကောင်း စပွန်ဆာ စာချုပ်များ ချုပ်ဆိုထားရာ ယူနိုက်တက်အတွက် စာချုပ်ကမ်းလှမ်းရာတွင် ဘဏ္ဍာရေး ပြန်လည် သုံးသပ်စီစစ်မှုများ ပြုလုပ်ရန် လိုအပ်နေခြင်း ဖြစ်သည်။ Nikeအနေဖြင့်မူ ယူနိုက်တက်ကို ဆက်လက် သက်တမ်းတိုး စာချုပ်ကာ စပွန်ဆာပေးခွင့်ရရန် မျှော်လင့်နေဆဲဟု သိရှိရသည်။
Nike၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး တစ်ဦးက "ကျွန်မတို့ဟာ ယူနိုက်တက်နဲ့ ကောင်းမွန်တဲ့ လက်တွဲဆောင်ရွက်မှုတွေ ရှိပြီးသားပါ။ ခုလည်း သူတို့နဲ့ ဆက်ပြီး ဆွေးနွေး စကားပြောနေပါတယ်။ အခြေအနေတွေလည်း တိုးတက်နေဆဲလို့ ဆိုနိုင်ပါတယ်"ဟု ပြောကြားသွားသည်။

Post a Comment