
ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ စီးပွားရေး
အင်အားကြီး နိုင်ငံ ၂၀ ရဲ့ ဂျီတွမ်တိ ထိပ်သီး အစည်းအဝေးပွဲ
ပြီးဆုံးတော့မယ့်အချိန် ကမ္ဘာ့ ခေါင်းဆောင်တွေဟာ ဆီးရီးယား အကျပ် အတည်းကို
ဘယ်လို တုံ့ပြန်ဆောင်ရွက်မလဲ ဆိုတဲ့ အပေါ် သဘောထား အကြီးအကျယ် ကွဲလွဲနေဆဲ
ဖြစ်ပါတယ်။
အစည်းအဝေးရဲ့ သီးခြား ဆွေးနွေးပွဲတစ်ခုမှာတော့
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆီးရီးယား အပေါ် စစ်ရေးအရ
အရေးယူ ဆောင်ရွက်မယ့် ကိစ္စကို ရှုတ်ချ ပြောဆိုလိုက်ပါတယ်။
စစ်ရေးအရ ဝင်ရင် ကြေကွယ်ဖွယ်ရာ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ သူက သတိပေးလိုက်ပါတယ်။
သမ္မတ ဘာရှာ အယ်လ် အာဆတ်အပေါ် ဓာတုလက်နက်သုံး
တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဝင်ရောက်တိုက်မယ်ဆိုရင်
ဆီးရီးယားမှာ နောက်ထပ် ဂိုဏ်းဂဏကွဲ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်လို့
မစ္စတာ ဘန်က ပြောပါတယ်။
ပြင်သစ်၊ တူရကီ၊ ကနေဒါ နဲ့ ဗြိတိနိုင်ငံတို့က
ခေါင်းဆောင်တွေကတော့ သမ္မတ အိုဘားမားရဲ့ စစ်ရေးအရ အရေးယူဖို့ ဆိုတဲ့
တောင်းဆိုချက်အပေါ် အခိုင်အမာ ထောက်ခံမှုပေးထားပေမယ့် ရုရှားကတော့
ဓာတုလက်နက်သုံးတာဟာ ဘယ်ဘက်က ဖြစ်တယ်ဆိုတာ အတိအကျ မသိသေးဘူးလို့ အလေးအနက်ထား
ပြောကြားနေကြောင်း ဗြိတိသျှ သတင်းရပ်ကွက်တွေက ပြောပါတယ်။
Post a Comment