လာမည့် စက်တင်ဘာ(၉)ရက်တွင် စတင်ကျင်းပမည့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ၏ အုပ်စုနောက်ဆုံး ပွဲစဉ်များကို အချိန်ပြောင်းလဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အုပ်စု နောက်ဆုံး ပွဲစဉ်များကို မူလက  ညနေ (၃း၃၀)နာရီတွင် တစ်ပွဲ၊ ည(၇း၀၀)နာရီတွင် တစ်ပွဲ ကျင်းပရန် စီစဉ်ခဲ့သော်လည်း ထိုပွဲများမှာ အုပ်စုမှ လွတ်မြောက်ရေး အဆုံးအဖြတ် ပေးမည့် ပွဲစဉ်များ ဖြစ်လာနိုင်သောကြောင့် ပွဲများကို တစ်ပြိုင်တည်း ကျင်းပရန် ပြိုင်ပွဲကျင်းပရေး ကော်မတီမှ စီစဉ်လိုက်ခြင်း ဖြစ်သည်။


ထို့ကြောင့် အုပ်စုနောက်ဆုံး ပွဲစဉ်များကို ညနေ (၄း၀၀)နာရီ အချိန်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းနှင့် အောင်ဆန်းကွင်းများ၌ တစ်ပြိုင်နက် ကျင်းပသွားမည် ဖြစ်သည်။ ပြိုင်ပွဲကျင်းပရေး ကော်မတီ၏ ထုတ်ပြန်မှု အရ စက်တင်ဘာ (၁၇)ရက်နေ့ ညနေတွင် ကစားမည့် အုပ်စု(က)၏ အုပ်စုနောက်ဆုံး ပွဲစဉ်များ အနက်မှ မလေးရှားနှင့် ထိုင်းတို့၏ ပွဲစဉ်ကို မူလအတိုင်း သုဝဏ္ဏကွင်း၌သာ ယှဉ်ပြိုင် ကစားစေမည် ဖြစ်ပြီး အခြားပွဲ တစ်ပွဲဖြစ်သည့် ဗီယက်နမ်နှင့် သြစတြေးလျ ယူ-၁၉ တို့၏ ပွဲကို အောင်ဆန်းကွင်းသို့ ပြောင်းရွှေ့ကျင်းပမည် ဖြစ်သည်။ အလားတူပင် စက်တင်ဘာ (၁၈)ရက်တွင် ကျင်းပမည့် အုပ်စု(ခ)၏ နောက်ဆုံးပွဲစဉ်များ အနက်မှ မြန်မာအသင်းနှင့် ဂျပန် ယူ-၂၃ တို့၏ ပွဲကို သုဝဏ္ဏကွင်းတွင် ကျင်းပမည် ဖြစ်ပြီး ဖိလစ်ပိုင်နှင့် လာအိုတို့၏ ပွဲစဉ်ကို အောင်ဆန်းကွင်း၌ တစ်ပြိုင်နက်တည်း ကျင်းပသွားမည် ဖြစ်သည်။ ယခုကဲ့သို့ ကွင်းနှင့် အချိန် ပြောင်းလဲ ကျင်းပခြင်းမှာ အုပ်စုနောက်ဆုံး ပွဲစဉ်များ အတွက်သာ ဖြစ်ပြီး ကျန် ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ် ပွဲများကို မူလ အစီအစဉ်အတိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

Post a Comment

 
Top