
ဘဝမှာ ဂီတတစ်ခုတည်းကိုပဲ ရူးသွပ်ပါတယ်ဆိုတဲ့ အဆိုတော်ရဲလေး အိမ်ထောင်ကျချိန်ကစပြီး အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာ ၂နှစ်လောက်ရှိခဲ့ပါတယ်။ Junction Center ၁၅နှစ်ပြည့် နှစ်ပတ်လည် ဖျော်ဖြေပွဲဖြစ်တဲ့ ဒီဇင်ဘာ ၁၄ရက်ကစပြီး ရဲလေးတစ်ယောက် စင်မြင့်ထက်ကို ပြန်လည်ရောက်လာခဲ့ပါတယ်။
လာမယ့် ၂ဝ၁၅မှာ အနုပညာအလုပ်တွေကို စိတ်နှစ်ပြီး အင်တိုက်အားတိုက်ပြန်လုပ်တော့မယ်ဆိုတဲ့ ရဲလေးရဲ့အနုပညာပြယုဂ်သစ်တွေကဘာလဲ။ အိမ်ထောင်ကျပြီးနောက် အနုပညာလောကကို အပြီးတိုင် နှုတ်ဆက်သွားတာမဟုတ်ဘဲ ခဏရပ်နားထားခဲ့တာပါလို့ ရဲလေးက ကမာရွတ်မီဒီယာကို ပြောပြပါတယ်။ စီးပွားရေးလုပ်ငန်းတွေ သင်ယူရင်း အချိန်ကျပြီမို့ မူလရှင်သန်ရာအနုပညာနယ်ထဲ ပြန်ရောက်လာခဲ့ပါပြီလို့ဆိုပါတယ်။
၂ဝ၁၅မှာ သီချင်းအယ်လ်ဘမ်သစ် ထွက်ဖို့ရှိသလို တစ်ကိုယ်တော် ဖျော်ဖြေပွဲလည်း လုပ်ဖို့ရှိတဲ့ ရဲလေးက အနုပညာဟာ သူ့ဘဝဖြစ်လို့ ဘယ်တော့မှ လက်လွတ်ဆုံးရှုံးခံမှာမဟုတ်ဘဲ နောင်နှစ်ပေါင်းများစွာ ဆက်လုပ်နေဦးမယ်လို့ ပြောပါတယ်။
မိုးသီချင်းလို့ R&B စတိုင်လ် သီချင်းချိုချိုလေးတွေနဲ့ အောင်မြင်မှုရခဲ့တဲ့ ရဲလေးဟာ သူ့ရဲ့ဒုတိယအယ်လ်ဘမ်ဖြစ်တဲ့ အိမ်သီချင်းခွေကိုလည်း ပရိသတ်က အားပေးခဲ့ကြပြီး အောင်မြင်တဲ့ အဆိုတော်ဘဝကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ကျွန်တော်နဲ့သက်ဆိုင်သော၊ အိမ်၊ First Live Concert၊ တတိယကာရန်၊ ရကောက်ဘဝဖြင့် နေထိုင်ခြင်း၊ SWAG စတဲ့ အယ်လ်ဘမ် ၆ခုကို ထုတ်ဝေထားပြီးလည်း ဖြစ်ပါတယ်။
အနုပညာအလုပ်တွေ အများကြီးလုပ်နိုင်ချိန်၊ တီထွင်ဖန်တီးမှု အားကောင်းချိန်မှာ ရုတ်တရက်ကြီး အနုပညာလောကထဲကနေ ၂နှစ်လောက် ဘေးထွက်ထိုင်နေတာ အတော်ကိုသဘာဝမကျတဲ့ကိစ္စပါလို့ ရဲလေးနဲ့ မိသားစုလိုရင်းနှီးနေတဲ့ လူရွှင်တော် ဇာဂနာက မှတ်ချက်ပေးပါတယ်။ ရဲလေး အနုပညာအလုပ်တွေ ပြန်လုပ်တော့မယ်ဆိုတာ ကြားရလို့ ဝမ်းသာသလို ငယ်ရွယ်တုန်းမှာ သေသေချာချာ မလုပ်လိုက်ရင် အချိန်တွေလွန်မှာ တစ်သက်လုံး နောင်တရသွားနိုင်တာကြောင့် အရွယ်ရှိတုန်း ကြိုးစားပါလို့ တိုက်တွန်းခဲ့ပါတယ်။
REF:Kamayut Media
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.